မိန်းကလေးဖြစ်၍ အမှိုက်ပုံတွင်း စွန့်ပစ်ခံခဲ့ရသည့် သနားစဖွယ် မွေးကင်းစကလေးငယ်

ဓာတ်ပုံ - Caters News Agency
အိန္ဒိယနိုင်ငံမှာ လမ်းဘေးအမှိုက်ပုံတွင်း စွန့်ပစ်ခံခဲ့ရတဲ့ သနားစဖွယ် မွေးကင်းစ ကလေးငယ်တဦးကို လမ်းသွားလမ်းလာတဦးက အချိန်မီတွေ့ခဲ့လို့ ကံကောင်းထောက်မစွာ အသက်ရှင်နိုင်ခဲ့ပါတယ်။ မိဘတွေအနေနဲ့ ကလေးကို ယောက်ျားလေးအဖြစ် မျှော်လင့်ထားခဲ့ကြပြီး မွေးလာချိန်မှာ မိန်းကလေးဖြစ်နေတဲ့အတွက် ခုလိုစွန့်ပစ်သွားခဲ့ကြတာဖြစ်မယ်လို့ ရဲတွေက ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ဘိုပေါလ်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒီးရာ့ဂ်ျ ရာ့သိုရ်က တွေ့ရှိခဲ့တာပါ။ သူဟာ အမှိုက်ပုံအနီး ဖြတ်သွားချိန် ကလေးငိုသံကြားတဲ့အတွက် ရှာဖွေချိန်မှာတော့ ပုရွက်ဆိတ်တွေ ကိုက်ခဲခံထားရတဲ့ ကလေးငယ်ကို အမှိုက်တွေနဲ့ ဖုံးအုပ်လျက်သား အခြေအနေနဲ့ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကတော့ ၃ ပေါင်ခွဲရှိပြီး ဒီးရာ့ဂ်ျ ရာ့သိုရ်က “ကျနော် အမှိုက်ပုံနားက ဖြတ်လာတော့ ကလေးငိုသံ ကြားခဲ့ရတာပါ။ အမှိုက်ပုံကြားက ကလေးရဲ့ခေါင်း ထွက်လာတာကို တွေ့လိုက်ရချိန်မှာ ကျနော် တကယ့်ကို အံ့သြထိတ်လန့်ခဲ့ရပါတယ်။ သူ့ရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်မှာ ပုရွက်ဆိတ်တွေ ကိုက်ထားတာ နေရာအနှံ့ပဲ” လို့ ပြောပါတယ်။ သူနဲ့ သူငယ်ချင်း ၂ ဦးတို့ဟာ ကလေးငယ်ကို အဝတ်နဲ့ထုပ်ပိုးကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာပါ။ ဆေးရုံမှ တာဝန်ရှိသူတဦးကတော့ “ကလေးဆေးရုံကို ရောက်လာချိန် သူ့မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရထားတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရဲတွေက စွန့်ပစ်သွားခဲ့တဲ့ ကလေးငယ်ရဲ့ မိဘတွေကို အပူတပြင်း စုံစမ်းရှာဖွေနေကြပါတယ်။

More News
Up