အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများတွက် ဆုတောင်းပွဲ ပြုလုပ်
DVB
·
October 17, 2017
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲနဲ့ အကြမ်းဖက်မှု ရှုတ်ချပွဲကို ပဲခူးတိုင်းဒေသကြီး ဇေယျဝတီမြို့ရှိ မဟတ္တမဂန္ဒီခန်းမမှာ ပြုလုပ်ခဲ့တာပါ။
အခမ်းအနားကို ဖြူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတွေလည်း တက်ရောက်ခဲ့ပါတယ်။
တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်က “အစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ အသတ်ခံရတယ်။ အဲဒီလို အကြမ်းဖက်ဝါဒကို လက်မခံနိုင်ဘူး။ အစွန်းရောက်တယ်၊ အစွန်းရောက်တဲ့အပြင် အကြမ်းဖက်တယ်။ အဲဒီလို လုပ်ရပ်မျိုးကို မြန်မာတင်မကဘူး၊ ကမ္ဘာကရော လက်မခံပါဘူး” လို့ ပြောပါတယ်။
အခမ်းအနားမှာ ARSA အကြမ်းဖက်အဖွဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းခြင်းနဲ့ ကျန်ရစ်သူ မိသားစုတွေရဲ့ ဘဝပြန်လည်ထူထောင်းရေးနဲ့ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ရဲ့ အချက် ၈ ချက်ပါ ကြေညာချက် (၁/၂၀၁၇) ကိုလည်း ဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် သတ်ဖြတ်ခံခဲ့ရတဲ့ တိုင်းရင်းသာလူမျိုးတွေနဲ့ ဟိန္ဒူတွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းပြီး အမျှအတန်းတွေလည်း ပေးဝေခဲ့ပါတယ်။
ဇေယျဝတီမြို့မှ ဟိန္ဒူလူငယ်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစီဝါက “ရခိုင်မှာ ဖြစ်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေ၊ ဟိန္ဒူလူမျိုးတွေအတွက် ကျနော်တို့ ဖြူးမြို့နယ်မှာ ရှိတဲ့သူတွေက ဝမ်းနည်းကြေကွဲရပါတယ်။ အဲဒီက ဟိန္ဒူလူမျိုးတွေနဲ့ တိုင်းရင်းသား လူမျိုးတွေကို ကျနော်တို့က ကူညီထောက်ပံ့ချင်ပါတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့ ဟိန္ဒူလူမျိုးတွေကလည်း အတူတကွ လှူဒါန်းချင်ပါတယ်။ အဲဒါကြောင့် ဖြူးမြို့နယ်ထဲက ဟိန္ဒူလူမျိုးတွေ စုပြီး ငွေသား ကျပ်သိန်း ၁၃၀ ကျော်နဲ့ ပစ္စည်း ၅၅ သိန်းဖိုးလောက်ကို သွားလှူမှာပါ”လို့ ပြောပါတယ်။
လှူဒါန်း ငွေကျပ် ၁၃၉ သိန်းကျော်နဲ့ ကျပ် ၅၅ သိန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အောက်တိုဘာ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်အထိ သွားရောက်သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)