ဖြူးချောင်းအတွင်း အမှိုက်ပုံကြောင့် မီးလောင်မှုဖြစ်မည်ကို မြို့ခံများ စိုးရိမ်
DVB
·
October 17, 2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ဖြူးချောင်းအတွင်း ဖြူးစည်ပင်မှ စွန့်ပစ်ထားတဲ့ အမှိုက်တွေကြောင့် ပတ်ဝန်းကျင်နေ ပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေမှာ အနံ့ဆိုးတွေ ခံနေရပြီး မီးလောင်မှု ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဖြူးချောင်းထဲမှာရယ်၊ တံတားဘေးတွေမှာရယ်၊ စည်ပင်က လာလာပြီး အမှိုက်တွေပုံတာ အခု အမှိုက်တွေက ပြည့်နေပြီး အနံ့ကလည်း နံသေးတယ်။ ပြီးတော့ မနှစ်က မီးလောင်တယ်၊ အဲဒီအမှိုက်ပုံ သုံးရက်လောက်ကို ငြှိမ်းယူရတယ်။ အခုလည်း ပုံထားပြန်ပြီ။ ဒီနှစ်လည်း ဖြစ်မှာ စိုးရိမ်တယ်”လို့ ဖြူးမြို့နေ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီမှ ဖြူးမြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးအောင်ခိုင်ကို ဆက်သွယ်မေးမြန်းရာ “မနက်ဖြန်ဆို ကျနော် စပြီး ရှင်းတော့မှာပါ။ စည်ပင်ကော်မတီနဲ့လည်း အကုန်လုံး တိုင်ပင်ပြီးပါပြီ။ ရှင်းမှာပါ။ အမှိုက်ပုံဖို့ မြေလည်း ဝယ်ထားပြီလေ"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဖြူးမြို့အတွင်းမှ တရက်ကို အမှိုက်တန် ၂၀ ကျော်ထွက်ရှိကာ သိမ်းဆည်းနိုင်မှုမှာ တန် ၂၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာလည်း အဆိုပါအမှိုက်ပုံမှာ မီးလောင်ခဲ့တာကြောင့် ၃ ရက်လောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)