Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်​အ​ရေးမိန့်ခွန်း ဘယ်လိုသက်ရောက်မှုရှိလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
October 17, 2017
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ လုပ်ငန်း ၃ ရပ်ကို လုပ်ဆောင်မယ့် ကော်မတီတရပ်ကို ကိုယ်တိုင် ဥက္ကဋ္ဌထားပြီး လုပ်ဆောင်မယ့်အကြောင်း ပြောကြားသွားပါတယ်။ အဲဒီလုပ်ငန်း ၃ ရပ်ကတော့ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးရေး၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခတွေ ကင်းဝေးရေးတို့နဲ့ ဆိုင်တဲ့ လုပ်ငန်း ၃ ရပ် လုပ်ဆောင်သွားမယ်ဆိုတာ ပြောသွားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မိန့်ခွန်းအပေါ် သုံးသပ်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမယ့်သူတွေကတော့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဦးအောင်သူငြိမ်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဒေါ်စု မိန့်ခွန်းအပေါ်မှာ လက်ရှိ နိုင်ငံတကာကရော ပြည်တွင်းလိုအပ်ချက်တွေနဲ့ ဘယ်လောက်များ သက်ရောက်မှုရှိလဲ၊ ထိရောက်မှုရှိလဲ။ လောလောဆယ် ပြဿနာတွေကို လုပ်နိုင်လဲဆိုတာ ဆရာ စပြီး သုံးသပ်ပေးပါဦး။” ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ) “ပထမဦးဆုံးအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြဿနာကို ရင်ဆိုင်ဖို့ အစိုးရနဲ့ ပြည်သူတရပ်လုံး သွေးစည်းညီညွတ်ပြီးတော့ လက်တွေ့ဖြစ်ရပ်တွေကနေ နိုင်ငံတကာကို ရင်ဆိုင်ဖို့ဆိုတဲ့ အချက်တွေအတွက် ကျနော်တို့ ထောက်ခံကြိုဆိုရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ယူအန် အပါအဝင် အနောက်ရဲ့ဖိအား အတော်ကြီးကြီးမားမား ခံစားနေရတယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒီပြဿနာကို ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာ ရှင်းလင်းဖို့လိုတယ်။ ပထမတချက်အနေနဲ့ ပြောမယ်ဆိုရင် ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ပြဿနာတင် မဟုတ်ဘူး။ အကြမ်းဖက်ဝါဒ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ဖော်ပြဖို့လိုတယ်။ အဲဒီတော့ အာဖဂန်နစ္စတန်ကနေ စပြီးတော့ ဆီးရီးယားအထိပေါ့။ လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာ ကူညီခဲ့တာတွေဟာ နောက်ဆုံး တာလီဘန် အကြမ်းဖက်သမားတွေ ခေါင်းထောင်ထလာတယ်။ ဆီးရီးယားမှာ အိုင်အက်စ် အကြမ်းဖက်သမားတွေ ခေါင်းထောင်ထလာတယ်။ ဒီအခြေအနေ ရောက်လာတယ်။ လောလောဆယ် ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတာဟာ ARSA အကြမ်းဖက်အဖွဲ့နဲ့ မခန့်မှန်းနိုင်တဲ့ အကြမ်းဖက်အန္တရာယ်တွေ ရှိနေတယ်ဆိုတာ ကျနော်တို့ သတိပြုမိဖို့ လိုတယ်။ အခု နိုင်ငံတကာက ဇောင်းပေးပြောနေတဲ့အထဲမှာ ဒီအကြမ်းဖက်ဝါဒ အန္တရာယ် မပါဘူး။ ဒုတိယအချက်အနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ ပြဿနာပေါ့။ အဲဒီတော့ တဖက်က တပ်မတော်ကနေ စစ်ဆင်ရေးတွေ လုပ်တဲ့ကာလမှာ အင်အားအလွန်အကျွံသုံးလို့ ထွက်ပြေးတာရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိတယ်။ အဲဒီလို တချို့ဟာတွေ မှန်နိုင်ပါတယ်။ တပ်မတော်အနေနဲ့ အင်အားအလွန်အကျွံသုံးတာတွေ  တချို့ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် စစ်ဆင်ရေးတွေ ပြီးတဲ့နောက်ပိုင်းမှာ ဘာကြောင့် ထွက်ပြေးနေသလဲ။ ထွက်ပြေးနေတဲ့လူတွေ အများကြီးပဲ။ မနေ့တနေ့ကအထိ ထွက်ပြေးတာ တွေ့နေတယ်။ တကယ်တမ်းကျတော့ တချို့ဟာတွေက စစ်ဆင်ရေးကြောင့်တင် မဟုတ်တော့ဘူး။ ဒီ ARSA အကြမ်းဖက်သမား အုပ်စုတွေ၊ မော်လဝီဆရာတွေကနေ သူတို့လူတွေကို ဘင်္ဂလားဒေ့ရှ်ကို အတင်းထွက်ပြေးခိုင်းသလို ဖြစ်နေတဲ့ အချက်အလက်တွေ ရှိနေတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တာဆိုရင် တဖက်သတ် ဖြစ်နေတယ်။ လက်တွေ့အခြေအနေနဲ့ မကိုက်ညီဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကို သူတို့က ကြိုတင်ကြံရွယ်ပြီးသား ဖြစ်နေတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မောင်တောဒေသနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော် စုံစမ်းရေးကော်မတီကနေပြီးတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို တင်ထားတာ ရှိတယ်။ အဲဒီမှာကတည်းက မောင်တော၊ ဘူးသီးတောင်ဒေသမှာ စစ်တွေ၊ သဲချောင်း ဧရိယာတွေမှာ လယ်မစိုက်တဲ့ ဧရိယာတွေ များလာတယ်။ ဥပမာ ၅ လပိုင်း၊ ၆ လပိုင်းကဆိုရင် မိုးရာသီ လယ်စိုက်ချိန်မှာ လယ်မစိုက်ကြဘူး။ ၇ လပိုင်းလောက်မှာ ရွာနီးချုပ်စပ်က စိုက်တာရှိတယ်။ နောက် တိုင်းရင်းသားလယ်တွေဆို သူတို့က အမြဲတမ်း အငှားလုပ်နေတာ။ ဒီနှစ် လုံးဝ မလုပ်ဘူး။ သူတို့မှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိတယ်။ လူ့အခွင့်အရေးရုံးက စွပ်စွဲသလို လယ်တွေဖျက်ဆီးပြီး ပြန်လာလို့မရအောင် လုပ်တာ မဟုတ်ဘူး။ လယ်ကို မစိုက်ကြတာ။ အခု စစ်တွေရဲ့ အနောက်မြောက်ဘက်၊ စစ်တွေတက္ကသိုလ် ကျော်လာရင် သဲချောင်းဧရိယာရှိတယ်။ သဲချောင်းဧရိယာထဲမှာ အခုထက်ထိ မလုပ်တဲ့လယ်တွေ ရှိတယ်။ ဆိုလိုတာက သူတို့မှာ ကြံရွယ်ချက်တွေ ရှိတယ်။ အဲဒါကို ကုလသမဂ္ဂက ဘာကြောင့်မသိသလဲ။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုဖြစ်တဲ့အထိ ကုလသမဂ္ဂ ရုံးပေါင်းစုံသည် စစ်တွေမှာရော၊ ဘူးသီးတောင် မောင်တောမှာရော ရှိတယ်။ NGOs၊ INGOs တွေရှိတယ်။ သူတို့တွေက အဲဒီအချိန်မှာ ဘာလို့ မျက်ကွယ်ပြုသလဲ။ ဒါကို ကျနော်တို့က ပြတ်ပြတ်သားသား တုံ့ပြန်ဖို့လိုတယ်။ အဲဒီအတွက် လူထုအနေနဲ့ သွေးစည်းဖို့လိုတယ်။ ဒါ ကုလသမဂ္ဂ အဖွဲ့အစည်းဆိုတိုင်း မှန်တာမဟုတ်ဘူး။ ကုလသမဂ္ဂ အဖွဲ့အစည်းဆိုတိုင်း မှန်တယ်ဆိုရင် ယူနီဆက်ဖ်ကနေ အမေရိကန်နဲ့ အဲဒီသတင်းမျိုး မထွက်ဘူး။ လောလောလတ်လတ် နုတ်ထွက်တာ။ ဆိုလိုတာက ဒီအချက်အလက်တွေ တုံ့ပြန်ဖို့လိုသလို ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။ အစိုးရရော ပြည်သူရော သွေးစည်းညီညွတ်ပြီး ပြန်လည်တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ မြေပြင်အခြေအနေရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ပြည်သူတွေ ညီညီညွတ်ညွတ် ဒီလိုကိစ္စတွေကို ပြန်လည်တုံ့ပြန်ဖို့ အလေးထားပြီး ပြောသွားပါတယ်။ ဆရာအောင်သူငြိမ်းကိုလည်း မေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း လက်တွေ့အလုပ်တွေလုပ်ပြီး တုံ့ပြန်ဖို့ ပြောသွားပါတယ်။ ဒီမိန့်ခွန်းနဲ့ ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ၊ ဆက်လက် ဘာတွေဖြစ်နိုင်လဲ ဖြည့်စွက် ဆွေးနွေးပေးပါခင်ဗျ။” ဦးအောင်သူငြိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “အခုလက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီလို မိန့်ခွန်းပြောပြီးတော့ ပြည်သူလူထုကို ရှင်းပြလိုက်တယ်ပေါ့။ နောက် ဒီ့ထက်ပိုပြီးတော့ အသေးစိတ်ကိစ္စတွေ မိန့်ခွန်းထဲမှာ မပြောနိုင်လို့ ဖြစ်မှာပေါ့။ ဒါပေမယ့်လည်း ဒီ့ထက်ပိုပြီးတော့ ရှင်းပြဖို့ လိုအပ်တယ်လို့ ကျနော်ယူဆပါတယ်။ အခုမိန့်ခွန်းမှာ ပြန်ကြည့်မယ်ရင် ကျနော်တို့တိုင်းပြည်အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်၊ နိုင်ငံတကာ ဖိအားတွေ ရှိနေတယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ဒါတွေကိုလည်း တည်တည်ငြိမ်ငြိမ် ပြည်သူလူထုအင်အားနဲ့ ရင်ဆိုင်သွားမယ်ဆိုတာ၊ လက်တွေ့လုပ်ဆောင်မှုတွေရဲ့ ရလဒ်တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာမျိုး ကတိကဝတ်ပြုပါတယ်။ အဲဒါအပြင် ဦးစားပေး လုပ်ငန်း ၃ ရပ်ကိုလည်း ပြောသွားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကြိုဆိုသင့်တဲ့ မိန့်ခွန်းတခုလို့ မြင်ပါတယ်။ ဒါပေမယ့်လည်း ဒီမိန့်ခွန်းမှာ ကျနော်ကြားချင်တဲ့ကိစ္စတွေ ရှိသေးတယ်။ ဘာတွေလဲဆိုတော့ ကိုဖီအာနန်ကနေလုပ်တဲ့ ရခိုင်အရေး အစီရင်ခံစာရှိပါတယ်။ သူက ပြောတာက ရခိုင်ကိစ္စနဲ့ပတ်သက်လို့ သူတို့ အချက် ၃ ချက် အဓိက ထောက်ပြပါတယ်။ တခုက Human Right Crisis လူ့အခွင့်အရေးပြဿနာတွေ ရှိနေတယ်။ Development Crisis ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတယ်။ တတိယအချက်က Security Crisis လုံခြုံရေးနဲ့ပတ်သက်လို့ ပြဿနာတွေ ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း ပြန်ကြည့်တဲ့အခါကျတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စွပ်စွဲတဲ့ကိစ္စတွေအပေါ်မှာ ပြောသွားတာ၊ ဖြေဆိုတာ၊ တုံ့ပြန်တာ မတွေ့ရပါဘူး။ နောက် လုံခြုံရေးနဲ့ပတ်သက်လို့ ဆရာဦးမောင်မောင်စိုးလည်း ပြောလိုက်တယ်။ အကြမ်းဖက်မှုရဲ့ ပြဿနာတွေလည်း ပါပါတယ်။ အဲဒီတော့ လုံခြုံရေးကို ရှေ့လျှောက် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ရဲ့ လုံခြုံရေးပြဿနာ ဘယ်လောက်ကြီးလဲပေါ့နော်။ ဒါတွေ ကျနော်တို့ မတွေ့ပါဘူး။ ကျန်တဲ့ ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စတွေ ပြောတာ တွေ့ရတယ်။ ကျနော်တို့ မြင်ချင်တာက ရှေ့လျှောက် ဒီ့ထက်အသေးစိတ် သို့မဟုတ်ရင်လည်း လွှတ်တော်က မကြာခင် ပြန်စတော့မှာပဲ။ အောက်တိုဘာ ၁၇ ရက်နေ့ဆို စပြီပေါ့။ အဲဒီတော့ လွှတ်တော်မှာ ပိုပြီးတော့ အကျယ်တဝင့် ပြောကြားတာမျိုး၊ ပိုပြီးတော့ ဆွေးနွေးပြောဆိုတာမျိုးတော့ ရှိသင့်တယ်လို့ထင်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024