ထိုင်းဘုရင်ကြီး ဈာပနနေ့ရက်တွင် အလုပ်သမားများအား နားရက်ပေးရန် ပန်ကြား

နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူယာဒေ့ခ်ျရဲ့ ဈာပနအခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ ကျင်းပမှာဖြစ်တဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်း ခေတ္တရပ်နားပြီး မိမိအလုပ်သမားတွေကို နားရက်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာအလုပ်ရုံတွေကို ပန်ကြားထားကြောင်း ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ ဘုရင်ကြီး ဈာပနအခမ်းအနားကို ထိုင်းအလုပ်သမားတွေရော ရွှေ့ပြောင်းအလုပ်သမားတွေပါ သွားရောက်ပူဇော် ဂါရဝပြုနိုင်ဖို့ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းရှင်တွေက မိမိအလုပ်သမားတွေကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ တရက်တာ အလုပ်နားရက် ခွင့်ပြုပေးဖို့ ပန်ကြားလိုက်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းရေးရာညွှန်မှူး နိုင်းဝိဝတ် ကျီလဖန်းဝါနစ်က အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ နတ်ရွာစံ ထိုင်းဘုရင်ကြီးရဲ့ ရုပ်ကလာပ် မီးမြှိုက်သင်္ဂြိုဟ် ပူဇော်ပွဲအခမ်းအနားကို နန်းတွင်းရိုးရာဓလေ့ အနေနဲ့ရော နိုင်ငံတော်အခမ်းအနားအနေနဲ့ပါ ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာဖြစ်ပြီး တခြား ခရိုင်နဲ့ မြို့နယ်တွေမှာလည်း ပုံစံတူဗိမာန်တွေ ဆောက်ကာ တပြိုင်နက်တည်း ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အချက်အလက် အသေးစိတ် သိလိုတယ်ဆိုရင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးနဲ့ တခြားခရိုင်ရုံးတွေအပြင် အရေးပေါ်ဖုန်းလိုင်း ၁၅၄၆ ကိုပါ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဘုရင်ကျက္ကရီမင်းဆက်ရဲ့ နဝမမြောက်ဘုရင်ကြီး ဘူမိဘောအဒူယာဒေ့ခ်ျဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်မင်းလုပ်ခဲ့ပြီး မနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ လူကြီးရောဂါနဲ့ နတ်ရွာစံခဲ့ပါတယ်။ ဘုရင်ကြီး နတ်ရွာစံတဲ့ အောက်တိုဘာ ၁၃ ရက်နဲ့ မီးမြှိုက်သင်္ဂြိုဟ်မယ့် အောက်တိုဘာ ၂၆ ရက်နေ့ကို ထိုင်းအစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လာမယ့် ၂၆ ရက်နေ့မှာလည်း ဌာနဆိုင်ရာရုံးနဲ့ ကျောင်းတွေ ပိတ်တဲ့အပြင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေပါ ပိတ်မယ်လို့ သက်ဆိုင်ရာဘဏ်တွေက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံတဝန်း ပိတ်ရက်မရှိ၊ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ရောင်းချပေးနေတဲ့ 7Eleven စတိုးဆိုင်တွေကိုလည်း ၂၆ ရက်နေ့ကျရင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ မွန်းလွဲ ၂ နာရီခွဲမှ ည ၁၂ နာရီထိ ပိတ်ထားမယ့်အကြောင်း ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up