မောင်တောတွင် ဓားကိုင်အကြမ်းဖက်သမားများကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦး အသေဖမ်းမိ

မောင်တောမြောက်ပိုင်း မဲဒီရွာနဲ့ ရဲအောင်ချောင်းကျေးရွာ သွားလမ်းမှာ အောက်တိုဘာ ၁၅ ရက် မနက်စောစောပိုင်းက ဓားကိုင်ပြီးလာနေတဲ့ အကြမ်းဖက်သမားတွေကို တွေ့ရှိလို့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးကို အသေဖမ်းမိရခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။ မနက် ၅ နာရီအချိန်လောက်မှာ မဲဒီရွာနဲ့ ရဲအောင်ချောင်းရွာ သွားလမ်းနားမှာ အကြမ်းဖက်သမား ၁၀ ဦးလောက် ဓားတွေကိုင်ဆောင်ပြီး ကန်သင်းရိုးပေါ်ကနေ လမ်းပေါ်တက်လာတာကို ကင်းပုန်းဝပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တွေ့တဲ့အတွက် လက်နက်ငယ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့ရာ ဓားကိုင်ထားသူတွေ ကန်သင်းရိုးဘက် ခုန်ချ ထွက်ပြေးသွားခဲ့ကြပါတယ်။ ကင်းပုန်းဝပ်တပ်စိတ်က ဓားကိုင်သူတွေ ထွက်ပြေးတဲ့နောက်ကို ပစ်ခတ်ရှင်းလင်းတဲ့အခါ သူတို့ထွက်ပြေးတဲ့လမ်းကြောင်းမှာ အသက် ၂၀ အရွယ် ဟာဆန်ရဲ့အလောင်းကို ဓား ၁ လက်နဲ့အတူ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့အလောင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းမှာ တောင်ပြိုဆေးရုံကို စစ်ဆေးဖို့ပို့ဆောင်ထားခဲ့ပြီး တောင်ပြိုနယ်မြေစခန်းမှာ အကြမ်းဖက်အမှုအဖြစ် အမှုဖွင့်အရေးယူ သွားမယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။ မဲဒီရွာနဲ့ ရဲအောင်ချောင်းကျေးရွာ သွားလမ်းမှာ ဓားကိုင် အကြမ်းဖက်သမားတွေ တွေ့ရှိ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - ကိုအောင်၊ ဓာတ်ပုံ - RMC

More News
Up