Home
မြန်မာသတင်း
ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေအိမ်များကို ရှာဖွေစစ်ဆေးနေဟု နေပြည်တော်ရဲမှူးကြီးပြော
DVB
·
October 17, 2017
နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးအမှု နောက်ဆက်တွဲအနေနဲ့ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေအိမ် ၄ လုံးကိုပါ ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ဒီဗွီဘီကို အတည်ပြု ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်မှာ အားကစားဝန်ကြီးဟောင်းရဲ့ သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖော် ၂ ယောက်ထံကနေ သြစတြေးလျနိုင်ငံထုတ် ၉ မမ ပစ္စတို ၂ လက်နဲ့ ကျည် ၇၂ တောင့်၊ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE မူးယစ်ဆေး ၁ ဒသမ ၅ ဂရမ်၊ ဆက်သွယ်ရေးစက် ၃ လုံး စတာတွေ ဖမ်းမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ACE ဟိုတယ်ကို ရှာဖွေစစ်ဆေးရာမှာတော့ ပစ္စတို ၉ လက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ အမ် ၁၆ လက်ကိုင်ကွင်း ၁ ခု၊ ပစ္စတိုအိတ်အနက်ရောင် ၇ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စနိုက်ပါ မှန်ပြောင်း ၁ လက်တို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ နေပြည်တော်ကောင်စီ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။ အဲဒီအတွက် ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါတွေကို မူးယစ်ဆေးဝါးဥပဒေ၊ လက်နက်ဥပဒေတို့နဲ့ အမှုဖွင့်အရေးယူပြီး စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ နေပြည်တော်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေအိမ် ၄ လုံးကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ်တွေနဲ့ နေအိမ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေသလို ရန်ကုန်မှာလည်း ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ကုမ္ပဏီမှာ ရဲတပ်ဖွဲ့ကနေ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အမှုနဲ့ဆက်စပ်နေတဲ့ နောက်ထပ်လူ ၅ ယောက်ကို ထပ်မံဖမ်းဆီးထားတဲ့အတွက် အမှုနဲ့ ဆက်စပ်လို့ ဖမ်းဆီးခံရသူဟာ ၈ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ယောက်ကို နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့ပြီး နောက်ထပ် ဖမ်းဆီးရမိသူ ၅ ဦးကတော့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ဇနီး၊ ACE ဟိုတယ် မန်နေဂျာနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။ အများပြည်သူကြား စိတ်ဝင်စားမှု မြင့်တက်နေတဲ့ NATIONAL SECURITY COUNCIL တံဆိပ်ကပ်ထားတဲ့ ကားတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက မေးမြန်းရာမှာ ကားတွေဟာ တရားဝင်လိုင်စင်ရရှိထားတဲ့ လုပ်ငန်းသုံးကားတွေဖြစ်တဲ့အတွက် အရေးယူဖို့ မရှိကြောင်းနဲ့ NATIONAL SECURITY COUNCIL တံဆိပ်နဲ့ပတ်သက်လို့ တရားဝင်ဖွဲ့စည်းထားတာမရှိဘဲ စိတ်ကူးနဲ့ လျှောက်တပ်ထားတဲ့ အနေအထားသာဖြစ်တယ်လို့ ရဲမှူးကြီးဦးဇော်ခင်အောင်က ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024