Home
မြန်မာသတင်း
တပ်မတော်က အန်စီအေကို ဖြေလျှော့မှုမလုပ်ရင် လက်မှတ်ထိုးရေး ကြန့်ကြာနိုင်ဟု ယူအန်အက်ဖ်စီပြော
အောင်သူ
·
October 16, 2017
  တပ်မတော်အနေနဲ့ အန်စီအေကိုဖြေလျော့မှုမပေးပဲ တရားသေ ရပ်တည်နေမယ်ဆိုရင် လက်မှတ်ထိုးဖို့အတွက် ကြန့်ကြာနိုင်တဲ့အပြင် သဘောတူညီပြီးသား အချက်တွေလည်း နောက်ကြောင်းပြန်သွားနိုင်တယ်လို့ ယူအန်အက်ဖ်စီက ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ၂ နှစ်ပြည့်နှစ်ပတ်လည်မိန့်ခွန်းမှာ အန်စီအေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်တဲ့အပြင် ပစ်ခတ်တိုက်ခိုက်မှုမရှိလို့ လက်မှတ်ထိုးစရာမရှိဘူးလို့ ပြောနေတဲ့ အဖွဲ့အချို့ ရှိနေတယ်လို့လည်း မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အန်စီအေ ဟာ အမည်နာမအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် ဖြစ်တဲ့အပြင်အနှစ်သာရက ဒီထက်ပိုက်ကျယ်ပြန့်နက်ရှိုင်းလို့ အန်စီအေကို လက်မှတ်ရေးထိုးဖို့ လိုတယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ဒီဗွီဘီရဲ့ မေးမြန်းမှုကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ပြောရေးဆိုခွင့်ရှိသူက ဦးထွန်းဇော်က အခုလိုပြောပါတယ်။ “အဲဒါကတော့ အန်စီအေကို တရားသေ ဆုပ်ကိုင်တယ်လို့ ကျနော်တို့မြင်ပါတယ်။ အန်စီအေအပေါ်မှာ အသေရပ်နေရင်တော့ ကျနော်တို့ ရှေ့ဆက်ညှိနှိုင်းရတဲ့အခါမှာ ခက်ခဲပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ အန်စီအေဆိုတာ့ အနှစ်သာရက အခုလောလောဆယ်မျာ ရပ်နေတဲ့ သဘောရှိပါတယ်။ တရားသေရပ်တည်မယ်။ တရားသေ၀ါဒကို ဆုပ်ကိုင်ထားမယ်ဆိုလို့ရှိ ရင်တော့ ကြန့်ကြာနေနိုင်ချေ အလားအလာအများကြီးရှိပါတယ်။ တရာသေမရပ်ဘဲနဲ့ ကျနော်တို့ ဒီနှစ်ဖက်ညှိနှိုင်းအဖြေရှာလို့ရတဲ့ compromise ကို လက်ခံဖို့လိုပါတယ်။ အခုကျနော်တို့ အဆိုပြုထားတဲ့အချက်တွေက အပြည့်အ၀ ရာနှုန်းပြည့်ရတာမဟုတ်ပါဘူး။ ကျနော်တို့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရလာတဲ့ ရလဒ်တွေရှိတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ၁ ကနေ ၄ အထိက။ အဲဒါကိုတောင် ကျနော်တို့ အခုကပြန်ပြီးတော့မှ မူလအတိုင်းပဲ ပြန်သွားနေတယ်ပေါ့ဗျာ။ အန်စီအေအတိုင်းပဲ သွားမယ်၊ အန်စီအေဘောင်ကို ကျော်လို့မရဘူးဆိုတဲ့ တုံ့ပြန်မှုတွေက ရှိနေတယ်။ အဲဒါက မူလအတိုင်းပဲ နောက်ကြောင်းကို ပြန်သွားနေတဲ့အဓိပ္ပာယ်ပဲ။” ယူအန်အက်ဖ်စီရဲ့ အဆိုပြုချက် ၈ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဘက်က ၄ ချက်ကို သဘောတူထားပြီး အဲဒီအချက်တွေကတော့ အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ၂၄ နာရီအတွင်း ကြေညာပေးဖို့ အာမခံချက်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်မှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင် နိုင်ငံရေးပါတီတွေအပြင် ပါဝင်သင့်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖို့နဲ့ ၂၁ ရာစုပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ပြီး ကျန်ရှိ နေသေးတဲ့ အဖွဲ့တွေပါဝင်လာဖို့ လက်ရှိအစိုးရအနေနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ များများ လုပ်ဖို့လိုတယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက် အန်စီအေ လက်မှတ်ရေးထိုးရေးမှာ ပြည်တွင်းအသိ သက်သေအဖြစ် ပါဝင်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အောင်မြင်မှု မရှိတဲ့အပြင် တပ်မတော်ဘက်ကလည်း အလျော့ပေးမှုတွေ လုပ်ဖို့လိုတယ်လို့ ဝေဖန်ပါတယ်။ “တပ်မတော်က မလျော့ဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က ငြိမ်းချမ်းရေး ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဒို့တာဝန်အရေးသုံးပါးဟာ ကျနော်တို့ပြည်သူလူထုတွေ၊ တိုင်းရင်းသားအားလုံးလည်းပဲ ဒီဟာအတွက် ကျနော်တို့သဘောတူပြီးသား။ သဘောတူလို့လည်းပဲ ကျနော်တို့ အန်စီအေသက်သေအနေနဲ့ ကျနော်တို့ လက်မှတ်ထိုးပေးခဲ့တာပဲလေ။ ဆိုတော့ ဒီထက်ပိုပြီးတော့ ထပ်ပြီး ကွန့်စရာမလိုလောက်ဘူးလို့ ကျနော်အဲလိုပဲ ယူဆပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်တဲ့အဆင့်လောက်က တော်တော်လေးကို လုံလောက်နေပါပြီလို့ ကျနော်အဲလိုပဲ ပြောချင်ပါတယ်။ ” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ထွက်ပေါ်လာခဲ့ပြီး ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ်လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိ ခရီးပေါက်ခဲ့တဲ့အပြင် မကြာခင်ကာလမှာ ၂၁ ရာစုပင်လုံတတိယအစည်းအဝေး ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်လို့ NCA ၂ နှစ်ပြည့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024