ကမ်းပါးပြိုကျမှုကြောင့် ကွမ်းနှင့်ငှက်ပျောစိုက်ခင်းများ ပျက်စီးဆုံးရှုံး
Aung Aung Naing
·
October 16, 2017
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်မှာ ကမ်းပါးပြိုကျမှုကြောင့် ချောင်းကြီးရိုးကွက်သစ်၊ ဇီဖြူကုန်းအုပ်စုရွာကြီး ၉ ရွာဖြစ်တဲ့ ပုဂံစု၊ ချောင်းတော်ဝ၊ ကျွဲတပ်၊ ဇီးဖြူကုန်း၊ ဆည်ကြီးစု စတဲ့ရွာတွေမှာ ကွမ်းစိုက်ဧက ၂၀၀ ကျော်နဲ့ ငှက်ပျောစိုက်ဧက ၃၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ချောင်းရိုးရွာ တံငါချောင်းမကြီးဘေးက ကမ်းပါးပြိုကျနေတဲ့အတွက် လူနေအိမ် ၄ လုံး ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဆည်တော်လေး ရေလှောင်တမံမှ ရေတွေ ဖောက်ချခဲ့ရမှ အခုလို ရေကြီးရေလျှံမှုတွေဖြစ်ပြီး ကွမ်းစိုက်တောင်သူတွေနဲ့ ငှက်ပျောစိုက်တောင်သူတွေဟာ နစ်နာဆုံးရှုံးမှုတွေ ဒီနှစ်က အများဆုံးလို့ပြောပါတယ်။
ကွမ်းခြံပိုင်ရှင် ကိုဇော်ဇော်အောင် “ကွမ်း ၁ ဧကကို သိန်း ၄၀ မှ ၅၀ အထိ ရရှိကြပြီး အခုလို ရေနစ်မြုပ်ခဲ့တာကြောင့် ကွမ်းဈေးဟာ တသောင်းဝန်းကျင်အထိ တက်လာမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
အခုလို ရေနစ်မြုပ်နေတာကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာရောက်ကြည့်ရှုအားပေးဖို့ မျှော်လင့်နေကြောင်း သူက ဆက်ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်းကတော့ “ဆည်ရေကြောင့် ရေနစ်မြုပ်ပြီး ကမ်းပါးနဲ့ နီးနေတဲ့အိမ်တွေကို အမြန်ဆုံးပြောင်းရွှေ့ပေးပြီး ကျန်းမာရေးကိုလည်း ကူညီမှုတွေ ပေးထားကြောင်း၊ ရေနစ်မြုပ်နေတာကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းကိုလည်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားနေတယ်”လို့ ပြောပါတယ်။