လေဆိပ်ဝန်ထမ်းက ခရီးသည်ပစ္စည်းခိုးယူသည့် ရုပ်သံဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့

လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် သင်တို့ရဲ့ ခရီးဆောင်အိတ်တွေဟာ လုံခြုံစိတ်ချရပါရဲ့လား။  ဒါဟာ မေးခွန်းထုတ်စရာတခု ဖြစ်လာနေပါတယ်။ ဒါဟာ လေဆိပ်ဝန်ထမ်းတဦးက ခရီးသည်တဦးရဲ့ အိတ်ထဲက ပစ္စည်းခိုးယူခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ ဆက်တိုက် မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ နာမည်ကျော် ဖူးခက်လေဆိပ်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခိုးယူသူ အမျိုးသားဟာ ထိုင်းနိုင်ငံမှတဆင့် စင်ကာပူနိုင်ငံဆီ ပျံသန်းထွက်ခွာမယ့် ဂျက်စတား (JetStar) လေကြောင်းလိုင်း ခရီးသည်ရဲ့ အိတ်ထဲကပစ္စည်း ခိုးယူခဲ့တာကို ဖမ်းယူရရှိခဲ့တာလို့ ဆိုပါတယ်။ ဖူးခက်ဂေဇက်သတင်းရဲ့ အဆိုအရ အသက် ၂၇ နှစ်အရွယ် အဲဒီဝန်ထမ်းဟာ BAGS ခရီးသည် ဝန်စည်စလှယ် ရွှေ့ပြောင်းဝန်ဆောင်မှုကုမ္ပဏီမှ ဝန်ထမ်းတဦးဖြစ်ကာ ခိုးယူခဲ့တဲ့ ဘလူးတုသ်စပီကာနဲ့အတူ ဖမ်းမိခဲ့ပြီလို့ ဖော်ပြပါတယ်။ ဂျက်စတားလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရသူတဦးကတော့ လေကြောင်းလိုင်းအနေနဲ့ ဒီရုပ်သံဗွီဒီယိုဖိုင် အင်တာနက်ပေါ် ပျံ့နှံ့နေခဲ့ကတည်းက သူခိုးကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ “ကျွန်ုပ်တို့အနေနဲ့ ထိုင်းလေဆိပ်တာဝန်ရှိသူတွေ၊ BAGS ခရီးသည် ဝန်စည်စလှယ် ရွှေ့ပြောင်းဝန်ဆောင်မှု ကုမ္ပဏီတို့နဲ့အတူ လေကြောင်းခရီးသည်တွေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ လုံခြုံစိတ်ချရစေဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ဖော်ပြပါတယ်။ BAGS ခရီးသည် ဝန်စည်စလှယ် ရွှေ့ပြောင်းဝန်ဆောင်မှု ကုမ္ပဏီဟာ ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီတခုဖြစ်ပြီး လေကြောင်းလိုင်းပေါင်း ၉၀ နီးပါးအတွက် ဝန်ဆောင်မှုပေး လုပ်ဆောင်နေတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up