ဒေါ်နယ်ထရမ့်ကို ဖယ်ရှားရန် သတင်းအချက်အလက်ပေးနိုင်သူကို ဆုချမည်ဟု ကြော်ငြာ

အဖော်အချွတ်မဂ္ဂဇင်း ထုတ်ဝေသူ လယ်ရီဖလင့်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးကဖယ်ရှားဖို့ သတင်းအချက်အလက် ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုချမယ်ဆိုတဲ့ ကြော်ငြာကို ဝါရှင်တန်ပို့စ် သတင်းစာမှာ စာမျက်နှာပြည့် ကြော်ငြာထည့်ခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက် တနင်္ဂနွေနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ လယ်ရီဖလင့်က "သူနဲ့ ရုရှားနဲ့ ငွေကြေးအပေးအယူတွေ ရှိခဲ့သလား” ဆိုတဲ့ စာသားနဲ့ စာမျက်နှာပြည့် ကြော်ငြာထည့်ခဲ့တာပါ။ အမြင့်ဆုံးစောင်ရေ  ၃ သန်းထိ ရောင်းချခဲ့ရဖူးတဲ့ အဖော်အချွတ်မဂ္ဂဇင်း ဟတ်စ်လာ (Hustler) ထုတ်ဝေသူက ဒေါ်နယ်ထရမ့်ကို ပြစ်တင်စွပ်စွဲနိုင်ဖို့ ခိုင်မာတဲ့ အချက်အလက် ပေးနိုင်သူကို ရှာဖွေနေတယ်လို့ ပြောကြားထားပါတယ်။ လယ်ရီဖလင့်ဟာ အခုလို နိုင်ငံရေးမှာဝင်ပါတဲ့ လုပ်ရပ်မျိုးကို အရင်ကလည်း လုပ်ခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်က အမေရိကန်သမ္မဟောင်း ဘီလ်ကလင်တန်နဲ့ မော်နီကာလူဝင်စကီးတို့ရဲ့ ကိစ္စမှာလည်း အခုလို ဆုငွေထုတ်တဲ့ ကြော်ငြာမျိုး ထည့်သွင်းခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ်ကလည်း အမေရိကန်အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ်တွေအကြား တရားမဝင် ဆက်သွယ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း အထောက်အထားပေးသူကို ဆုငွေ အမေရိကန်ဒေါ်လာ ၁ သန်း ဆုချမယ်ဆိုပြီး ဝါရှင်တန်ပို့စ်သတင်းစာမှာ ကြော်ငြာ ထည့်သွင်းခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up