ဘင်္ဂလားပင်လယ်အော်တွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်
DVB
·
October 16, 2017
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ နောက်ထပ် ၃၆ နာရီအတွင်း ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်ထူထပ်နေကြောင်းလည်း ထုတ်ပြန်ပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမိုအားကောင်းလာပြီး၊ ကြီးမားသော တိမ်တိုက်ကြီးတခု ဖြစ်ပေါ်နေတဲ့အပြင် အများဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်နဲ့ အမြင့်ဆုံးရေလှိုင်းအမြင့် (၁၀) ပေခန့် ရှိထားပါတယ်။
အဆိုပါ လေဖိအားနည်ရပ်ဝန်းဟာ ဒီကနေ့ညနေပိုင်းမှာ မုန်တိုင်းငယ်တခုဖြစ်လာ လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။