အိုင်ဗရီကို့စ် လေယာဉ် အတ္တလန္တိတ် သမုဒ္ဒရာထဲ ပျက်ကျ

အိုင်ဗရီကို့စ်နိုင်ငံရဲ့ အဓိကမြို့အဘစ်ဒ်ဂျန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က အောက်တိုဘာ ၁၄ ရက်နေ့မှာ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ထွက်ခွာပြီးပြီးချင်းမှာပဲ အတ္တလန္တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ လျှပ်စီးတွေလက် မိုးအကြီးအကျယ်ရွာပြီး မုန်တိုင်းတိုက်ခတ်စဉ် လေယာဉ်ပျက်ကျခဲ့တာပါ။ မော်လ်ဒိုဗာနိုင်ငံသား ၄ ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အိုင်ဗရီကို့စ်အာဏာပိုင်တွေက ပြောလိုက်ပြီး ပြင်သစ်နိုင်ငံသား စစ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ အဘစ်ဒ်ဂျန်မြို့ ပို့တ်ဘိုဝက်ဆင်ခြေဖုံးနားက ကမ်းခြေကို အာဏာပိုင်တွေနဲ့ မျက်မြင်တွေ့ရှိသူတွေ ရောက်လာပြီး လေယာဉ် အပိုင်းပိုင်းပြတ် ပျက်စီးနေတာကို ရုပ်ပုံတွေထဲ မြင်ရပါတယ်။ အိုင်ဗရီကို့စ်ရှိ ပြင်သစ်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက လေယာဉ်ဟာ စစ်တပ်ကုန်ပစ္စည်းတွေကို သယ်လာတာလို့ ပြောလိုက်ပြီး ထိခိုက်ဒဏ်ရာ ရသူတွေကို အဘစ်ဒ်ဂျန်မြို့ရဲ့ ပို့တ်ဘိုဝက် စခန်းကို ဆေးကုသဖို့ ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။ Valan အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းတင် ချာတာလေယာဉ်က ချာတာကုမ္ပဏီပိုင် ဆိုဗီယက်က ဒီဇိုင်းဆွဲထားတဲ့ အန်တိုနောဗ်မိုဒယ်ဖြစ်ပြီး တခါတရံ ကုလသမဂ္ဂကလည်း အသုံးပြုတယ်လို့ လေယာဉ်ထုတ်လှုပ်မှု ကျွမ်းကျင်ပညာရှင်တယောက်က ပြောလိုက်ပါတယ်။ လေယာဉ်ကိုယ်ထည်နဲ့ အတောင်ပံတွေ ဆက်တဲ့နေရာကနေ လေယာဉ် အမြီးပိုင်းက ပြတ်ကျသွားခဲ့ပြီး မော်လ်ဒိုဗာမှာရှိတဲ့ လေယာဉ်ကုမ္ပဏီရဲ့ အကြီးအကဲကို အင်ဒီပန်းဒန့် သတင်းဌာနက ဖုန်းဆက်သွယ်ပေမယ့် ဘာမှ ဖြေကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျတဲ့ ကမ်းခြေနေရာကို ကယ်ဆယ်ရေးလုပ်သားတွေ အပြေးအလွှား သွားခဲ့ကြပြီး ကြည့်ရှုသူ ရာပေါင်းများစွာလည်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အဘစ်ဒ်ဂျန် လေဆိပ်က ထွက်ခွာလာပြီးချင်း ခရီးသည် ၁၇၉ ဦး တင်ဆောင်လာတဲ့ နိုက်ဂျီးရီးယားကိုသွားမယ့် လေယာဉ် သမုဒ္ဒရာထဲ ပျက်ကျခဲ့ပြီး အဲဒီထဲက လူ ၁၀ ဦး အသက်ရှင်ခဲ့တယ်လို့ အင်ဒီပန်းဒန့်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up