တဖွဲ့ချင်းခွဲဖိတ်၍ အန်စီအေ ၂ နှစ်ပြည့်ပွဲ မတက်ဟု တီအန်အယ်လ်အေပြော

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ၂ နှစ်ပြည့်ပွဲကို အစိုးရက မြောက်ပိုင်းမဟာမိတ် အဖွဲ့အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်း ဖိတ်ကြားမှု၊ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာတွေကြောင့် တက်ရောက်မှာ မဟုတ်ဘူးလို့ တီအန်အယ်လ်အေက ပြောပါတယ်။ PSLF/TNLA ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိက နှစ်ချက်ရှိပါတယ်။ တချက်က ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ သွားလာရေး လမ်းခရီး လုံခြုံမှု မရှိဘူး။ နောက်တခုက မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အနေနဲ့ ဖိတ်မှ တက်ရောက်မှာ ဖြစ်တာကြောင့် အဲလို မဟုတ်ပဲ တဖွဲ့ချင်းအနေနဲ့ ဖိတ်တာဆိုတော့ မတက်ဖြစ်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေလို့ခေါ်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC ) အဖွဲ့အနေနဲ့ ဖိတ်ကြားမှ တက်ရောက်မယ်လို့ သူက ပြောတာပါ။ ဒီကော်မတီကို ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ဦးဆောင်ပြီး ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဋ္ဌ ၂ အဖြစ်တာဝန်ယူထားတာပါ။ အန်စီအေ ၂ နှစ်ပြည့်အတွက် ကေအိုင်အိုကိုလည်း ဖိတ်ကြားထားတယ်လို့ အခုအချိန်ထိ မကြားမိဘူးလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ကေအိုင်အိုရဲ့ နိုင်ငံရေးညှိနှိုင်းဆွေးနွေးအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက “အခုအချိန်ထိ ဖိတ်တဲ့ အသံ မကြားမရဘူးဆိုတော့ ဖိတ်ရင်လည်း သွားဖြစ်မှ မဟုတ်တော့ဘူး။ ဖိတ်ကြားလို့ တက်ရောက်ရင်တောင်မှ ဆွေးနွေးခွင့်ရမှာ မဟုတ်ဘူးဆိုတာ ၂၁ ပင်လုံ အတွေ့အကြုံအရ ခန့်မှန်းလို့ရပါတယ်။ အဲဒီတုန်းကလည်း တွေ့ဖို့၊ ပြောဖို့ သွားခဲ့ပေမယ့် တွေ့ခွင့်ပဲ ရှိခဲ့တယ်။ ပြောခွင့် မရှိခဲ့ဘူး။ ဒါတောင်မှ တရုတ်အစိုးရရဲ့ ဖိအားကြောင့် တွေ့တာ” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မှာပါ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တချို့ကိုတော့ ဖိတ်ကြားစာရရှိတယ်လို့လည်း သိရပါတယ်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့မှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ (NMDAA) နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ ပါဝင်တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up