ပျောက်ဆုံးနေသည့် သြစတြေးလျအမျိုးသမီးကြီး မိချောင်းကိုက်ခံရဟု ရဲပြော

2.8K
သြစတြေးလျနိုင်ငံမှာ ပျောက်ဆုံးနေလို့ ရဲက ရှာဖွေနေတဲ့ အမျိုးသမီးကြီး မိချောင်း ကိုက်ခံရလို့ သေဆုံးနိုင်ကြောင်း ရဲတွေက ပြောလိုက်ပါတယ်။
ကွင်းစလန်ပြည်နယ် ပို့ဒေါက်ဂလက်စ်မြို့နားက ဘိုးဘွားရိပ်သာကနေ အသက် ၇၉ နှစ်အရွယ် စိတ်ရောဂါဖြစ်နေတဲ့ မစ္စအန်းကမ်ရွန် အောက်တိုဘာလ ၁၀ ရက်နေ့က ပျောက်သွားခဲ့တာပါ။
မစ္စကင်မရွန်အမည်ပါ တုတ်ကောက်နဲ့ အဝတ်အစားတွေကို ချောင်းဘေးမှာ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ချောင်းအနီးအနားမှာ တွေ့တဲ့ အသားအပိုင်းအစတွေက လူခန္ဓာကိုယ် အပိုင်းအစတွေဖြစ်တယ်လို့ ရဲတွေကအတည်ပြုလိုက်ပြီး ဒီအပိုင်းအစတွေက မစ္စကင်မရွန်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ဖြစ်ဖို့များတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က ရဲတွေက ပြောပါတယ်။
“ကျနော်တို့ အခုသံသယရှိနေတာက ဒီပျောက်ဆုံးမှုက မိချောင်းကိုက်ခံရတာ ဖြစ်မယ်လို့” စုံစမ်းရေးအရာရှိ အက်လူကင်က ပြောပါတယ်။
“ခန္ဓာကိုယ်အပိုင်းအစတွေကို မှုခင်းစစ်ဆေးမှု လုပ်မယ်။ ဒါပေမယ့် ပို့တ်ဒေါက်ဂလက်စ်ဒေသမှာ အခြား လူပျောက်ဆုံးမှုတွေ ရှိမှာလည်း ကျနော် စိုးရိမ်တယ်” လို့ စုံစမ်းရေးအရာရှိက ပြောပါတယ်။
ဘိုးဘွားရိပ်သာက ၂ ကီလိုမီတာအကွာ ချုံပုတ်တွေဘက်ကို မစ္စကင်မရွန်း လမ်းလျှောက်သွားလို့ မိချောင်းကိုက်ခံရတာလို့ ရဲတွေက ယူဆနေကြပါတယ်။
ဆွေမျိုးတွေနဲ့နီးအောင် သိပ်မကြာသေးခင်က သူမကို ဘိုးဘွားရိပ်သာ ပြောင်းရွှေ့ခဲ့တာလို့ ဒေသခံသတင်းဌာနက ပြောပြီး ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့တဲ့နေရာနားမှာ မိချောင်းကို ထောင်ဖမ်းမယ်လို့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။
ကွင်းစလန်ပြည်နယ်မှာ မတ်လတုန်းက ငါးဖမ်းသမားတဦး မိချောင်းကိုက်ခံရတာ အပါအဝင် ၁၉၈၅ ခုနှစ်မှ ခုချိန်ထိ မိချောင်းကိုက်ခံရတာ လူ ၉ ဦး ရှိပြီလို့ ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။