ဒုံးကျည်များ ပစ်ခတ်ရန် မြောက်ကိုရီးယား ပြင်ဆင်မှု အမေရိကန် ဂြိုဟ်တုမှ တွေ့ရှိ

အမေရိကန်စစ်အင်အားပြတာကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က ဒုံးကျည်တွေ ပစ်ခတ်ဖို့ ပြင်ဆင်နေတာကို တွေ့ရှိကြောင်း အမေရိကန်က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့က မြို့တော်ပြုံယမ်းနားက လေယာဉ်ထားတဲ့ ရုံထဲကနေ ဒုံးကျည်တပ်ဆင်ထားတဲ့ လောင်ချာတွေကို ရွှေ့နေတဲ့ပုံတွေ အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုကနေ ဖမ်းယူရိုက်ကူးမိတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ တကမ္ဘာလုံးရဲ့ ရှုတ်ချမှုကို ဖီဆန်ပြီး စိတ်ဆွလှုံ့ဆော်နေတဲ့ အာဏာရှင် ကင်ဂျုံအန်းကို ပြန်လည်တုံ့ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီတွေကလည်း ခုချိန်မှာ ပြင်ဆင်နေကြပါတယ်။ ပထမပိုင်းမှာ ကင်ရဲ့နိုင်ငံရေးပါတီ နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကို ဒုံးကျည်အသစ် ပစ်လွှတ်ဖို့ ရက်သတ်မှတ်မယ်လို့ ထင်ခဲ့ကြပေမယ့် သိသာထင်ရှားတဲ့ စစ်ရေးလှုပ်ရှားမှု မရှိပဲ အဲ့ဒီနေ့က ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဂြိုဟ်တုက ဖမ်းယူရရှိတဲ့ ပုံသစ်တွေအရ ကင်က သူရဲ့နောက်ထပ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေ လုပ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ “မြောက်ကိုရီးယားက အမေရိကန် စစ်အင်အားပြတာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ရက်အနည်းငယ်အတွင်းမှာ တိုက်ချင်းပစ်ဒုံးကျည် (အိုင်စီဘီအမ်)နဲ့ တာလတ်ပစ်ဒုံးကျည် (အိုင်အာဘီအမ်) တွေကို တချိန်တည်းမှာ ပစ်ခတ်နိုင်တယ်” လို့ တောင်ကိုရီးယားသတင်းစာ သည်ဒေါင်းအာအယ်ဘိုက ပြောပါတယ်။ မကြာသေးခင်က အမေရိကန်နဲ့ မိတ်ဖက်တောင်ကိုရီးယားနိုင်ငံတို့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားက အမေရိကန် လေယာဉ်တွေကို ပစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် အမေရိကန် လေတပ် ဆူပါဆိုးနစ် ဗုံးကြဲလေယာဉ်တွေက ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်းခဲ့တာပါ။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ကင်ဂျုံအန်းက အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ အမေရိကန်နိုင်ငံကို မီးနဲ့ ယဉ်ပါးအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေတယ်လို့ သတိပေးခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂူအမ်ကျွန်းက အဓိက စစ်ရေးဌာနဖြစ်ပြီး ဗုံးကြဲလေယာဉ်တွေ ထားရှိပါတယ်၊ သြဂုတ်လတုန်းကလည်း မြောက်ကိုရီးယားက ပစိဖိတ်သမုဒ္ဒရာ အမေရိကန် ပိုင်နက်နယ်မြေကို ဒုံးကျည်တွေ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ကတော့ အိမ်ဖြူတော် ဝန်ထမ်းတွေရဲ့ အကြီးအကဲဖြစ်သူ ဂျွန်ကယ်လီက ဂူအမ်ကျွန်းမှာနေထိုင်တဲ့ အမေရိကန်တွေအတွက် အကြီးအကျယ် စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ “အခုအချိန်မှာတော့ ခြိမ်းခြောက်မှုက ဖြေရှင်းနိုင်လောက်ပါတယ်။ သံတမန်နည်းက အလုပ်ဖြစ်မယ်လို့ မျှော်လင့်ကြောင်း” ပြောတယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up