Home
မြန်မာသတင်း
တာချီလိတ်တွင် ကားမောင်းလာသူအား ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်
DVB
·
October 14, 2017
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦးက မော်တော်ကားမောင်းနှင်လာသူကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အပစ်ခံရတဲ့သူဟာ အာခါတိုင်းရင်းသားဖြစ်ပြီး  အရေးပေါ်အခြေအနေကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။ “အမှုကတော့ စုံစမ်းနေတုန်းပဲ၊ ကားပေါ်ပါလာတာ လူ ၂ နှစ်ယောက်၊ တယောက်ပဲ မှန်တယ်။ ၅ ချက်လောက်မှန်သွားတာ အခုတော့ ဆေးရုံပို့ထားတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာ စုံစမ်းနေတုန်းပါပဲ” လို့ တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင်က ပြောပါတယ်။ အပစ်ခံရသူ စီးနင်းလာတဲ့ကားမှာ TOYOTA Fotuner အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာ ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အနီးပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ "သေနတ်နဲ့ပစ်သွားတာ ၂ ယောက်။ ဆိုင်ကယ်စီးလာတာ ကားနားရောက်မှ သေနတ်နဲ့ပစ်သွားတာ၊ ဆက်တိုက်ပစ်တာ မှန်တာတော့ တစ်ယောက်တည်းပဲ၊ ကားမောင်းတဲ့သူကို ပစ်တာ။ ဒါကြောင့် ကားက လမ်းဘေးဝင်တိုက်ပိသွားတာ" လို့ မျက်မြင်တဦးကပြောပါတယ်။ သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ်ကာ အနီးဝန်းကျင်မှာရှိတဲ့ CCTV တွေမှာ စစ်ဆေးနေပြီး လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း တာချီလိတ်မြို့မှာ သေနတ်နဲ့ပစ်ခတ်တဲ့ လူသတ်မှုပေါင်း ၅ မှုဖြစ်ပွားခဲ့ကာ တရားခံအများစုက မှုခင်းဖြစ်ပွားပြီး တဖက်နိုင်ငံကို ထွက်ပြေးသွားလေ့ရှိတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။ သတင်း-ကိုဇက် (တာချီလိတ်) ဓာတ်ပုံ-တာချီလိတ်နာရေးကူညီမှုအသင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024