အပြည်အပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 14, 2017
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ ပြီး ဒုသမ္မတ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ သံအမတ်ကြီးတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တခြား ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဆန်းစစ်လေ့လာမှုအတွေအရ ဘေးအန္တရာယ် မျိုးစုံထဲမှာ လူ့အသက်ဆုံးရှုံးမှုကို အများဆုံး ဖန်တီးနိုင်တာက ဆူနာမီဘေးဖြစ်ပြီး ကမ္ဘာနဲ့ တ၀ှမ်းမှာ အချိန်ကြာမြင့်စွာ စီးပွားရေးအရ ထိခိုက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်စေတာကတော့ ရေလွှမ်းမိုးမှု ဘေးနဲ့ မိုးခေါင်ရေရှားဘေးတို့ပဲဖြစ်တယ်” လို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
ကမ္ဘာ့ နိုင်ငံပေါင်း ၇၃ နိုင်ငံမှာ ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်အတွင်းမှာ ဘေးအန္တရာယ် ၁၄၉ ခု ဖြစ်ပွားခဲ့ပြီး အဲဒီဘေးတွေကြောင့် လူပေါင်း ၃၁၆၂ ဦး သေဆုံးပြီး လူဦးရေ သန်း ၈၀ လောက် ဘေးသင့်ခဲ့ပါတယ်။
အဲဒီဘေးတွေကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုမှာလည်း အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၄ ဘီလီယံ လောက် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဘေးဖြစ်ပွားမှု၊ ဘေးကြောင့် သေဆုံးမှုနဲ့ စီးပွားရေးထိခိုက် မှုတွေဟာ အာရှဒေသတွေမှာ ဖြစ်ပွားမှုအများဆုံးနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။