Live
Home
မြန်မာသတင်း
၁၃ နှစ်ကျောင်းသူအား ခိုးယူပေါင်းသင်းသည့် ရဲတပ်သားကို ဖမ်းဆီး
DVB
·
October 13, 2017
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ်မြေ-၃၊ အမှတ်-၃ ရပ်ကွက်နေ ၇ တန်း ကျောင်းသူအား ခိုးယူပေါင်းသင်းတဲ့ ရဲတပ်သားကို အောက်တိုဘာ ၁၂ ရက် မနက် ၁၁ နာရီက ဖခင်ဖြစ်သူက အမှုလာဖွင့်တယ်လို့ မလှိုင်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ဦးမောင်နိုင်(ခ)ဖိုးတုတ်နဲ့ ဇနီး မပြည့်တို့ မေမြို့သွားနေချိန်မှာ မပြည့်ရဲ့ညီမဖြစ်သူ မခင်မာရီကို အိမ်ခေါ်ပြီး အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ နေခိုင်းခဲ့ကာ အောက်တိုဘာလ ၁၁ ရက် မနက် ၆ နာရီခွဲမှာ သမီးဖြစ်သူ ပျောက်နေလို့ မလှိုင်မြို့နေအိမ်ကို ပြန်လာပြီး စုံစမ်းရာ အဲဒီနေ့မနက် နေအိမ်ရှေ့မှာ သမီးဖြစ်သူ အမှိုက်လှဲနေခိုက်မှာ အသက် ၂၂ နှစ်ရှိ ရဲတပ်သား ဖြိုးဝေလွင် ဆိုင်ကယ်နဲ့ ရောက်လာပြီး သမီးဖြစ်သူကို ခေါ်ဆောင်သွားတယ်လို့ ဦးမောင်နိုင်ရဲ့ အမေ ဒေါ်ခင်မာက ပြောပြခဲ့ပါတယ်။ မလှိုင်မြို့ အထက်တန်းကျောင်းမှာ ၇ တန်း တက်ရောက်နေသူ မိန်းကလေးကို ခိုးယူ ပေါင်းသင်းတဲ့ ရဲတပ်သား ဖြိုးဝေလွင်ကို အရေးယူပေးဖို့ ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့က အမှုဖွင့်တယ်လို့ ဆက်ပြောပါတယ်။ တာဝန်ကျအရာရှိတဦးက “ရဲတပ်သား ဖြိုးဝေလွင်ကို ဖမ်းဆီးထားပါပြီ။ စစ်ဆေးမေးမြန်းနေပါတယ်။ တခြားမြို့တမြို့ ရောက်နေလို့ အဲဒီအထိ သွားဖမ်းလာတယ်”လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းက ရဲတပ်သား ဖြိုးဝေလွင်ကို မုဒိမ်းမှု၊ အုပ်ထိန်းခြင်း မကင်းသေးသူကို ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024