Home
မြန်မာသတင်း
လုံခြုံရေးတပ်ဖွဲ့များ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေ
DVB
·
October 13, 2017
ရခိုင်ပြည်နယ် နယ်မြေတည်ငြိမ်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ  စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေအပေါ် ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ လိုအပ်တဲ့ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုတွေကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်အပြည့်အစုံရရှိပါက တရားဝင်သတင်း ထုတ်ပြန်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က တပ်ရင်းဌာနချုပ် ၁ ခုနဲ့ ရဲကင်းစခန်း ၃၀ တို့ကို ARSA အကြမ်းဖက်အဖွဲ့က တချိန်တည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် အစိုးရက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေကြောင့်  လူပေါင်း ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊  လူမျိုးတုံး သတ်ဖြတ်မှုတွေရှိနေတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတချို့ကတော့  စွပ်စွဲဝေဖန်နေကြတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်အနေနဲ့ ဥပဒေမဲ့ ဆောင်ရွက်လို့ မရကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာလုပ်ဆောင်ရကြောင်းနဲ့ တရားဥပဒေကို ကျော်လွန်ခြင်းမရှိဘဲ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးကို တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသမှာ ၂၀၁၇ စက်တင်ဘာလ ၅ ရက်မှ အခုသတင်းထုတ်ပြန်ချိန်အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုတွေ အထိုက်အလျောက်ရှိလာပြီ ဖြစ်တယ်လို့  တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024