ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
October 13, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/ ၄ နဲ့ ၅ အကြားမှာ အောက်တိုဘာ ၁၂ ရက် ည ၁၂ နာရီက ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ မန္တလေးဘက်ကို ဦးအောင်မင်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်နဲ့ ရန်ကုန်ဘက်ကို တတိယနှစ်ကျောင်းသား ကောင်းထက်ကျော် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ကောင်းထက်ကျော်က အခင်းဖြစ်နေရာတင် သေဆုံးသွားပြီး ဆိုင်ကယ်နောက်ခုံမှာ လိုက်ပါလာတဲ့ သီဟဇော်နဲ့ မမြမြင့်မိုရ် တို့ကတော့ ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
မြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “ကောင်းထက်ကျော်ကတော့ ဝဲနားထင်မှာ ၄ လက်မ လောက်ပေါက်ပြဲတယ်။ နဖူးထိပ်ပေါက်တယ်။ နှာခေါင်းက သွေးထွက်နေတယ်။ နေရာတင်သေဆုံးတယ်။ သီဟဇော်ကတော့ နဖူးပေါက်တယ်။ ယာဘက်လက်ဖမိုး၊ လက်ညိုး ခြေထောက် ပွန်းပဲ့ပေါက်ပြဲတယ်။ မမြမြင့်မိုရ်ကတော့ မျက်နှာဝဲဘက်နဲ့ ခြေသလုံးပွန်းပဲ့တယ်။ ဝမ်းတွင်းဆေးရုံပို့ပေးတယ်။ ကားမောင်းသူကတော့ ဒဏ်ရာမရပါဘူး” လို့ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းက ဟီးနိုးယာဉ်မောင်း ဦးအောင်မင်းနဲ့ ကောင်းထက်ကျော်တို့ ၂ ဦးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)