Home
မြန်မာသတင်း
ရေတိုက်စားမှုကြောင့် အောင်စေတီတော် ပြိုကျပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
DVB
·
October 13, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မုက္ခမှုကျေးရွာ အောင်စေတီကျောင်းတိုက်မှာ မုက္ခမှုချောင်းရေ တိုက်စားပြီး ကမ်းပါး ပြိုကျလာမှုကြောင့် ဘုန်းကြီးကျောင်းမြေနဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတော်တဆူ ပြိုကျပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အရင်က စေတီတော်နဲ့ ကမ်းနဖူးဟာ ပေ ၃၀ လောက် အကွာအဝေး ရှိနေပေမယ့် မုက္ခမှုချောင်း ၃ နှစ် ဆက်တိုက် ရေတိုက်စားပြီး ကမ်းပါး ပြိုကျလာတာကြောင့် အခုအခါ စေတီတော်ရင်ပြင်နဲ့ ချောင်းကမ်းပါးဟာ ၂ ပေ အကွာလောက်ပဲ ကျန်နေပြီး ဘုန်းတော်ကြီးကျောင်း မြေဟာလည်း မုက္ခမှု ချောင်းထဲ ပြိုကျနေတာကြောင့် ကျောင်းမြေနေရာ ကျဉ်းမြောင်းလာတယ်လို့ ဘုရားဂေါပကတဦးဖြစ်တဲ့ ဦးဖိုးချိုက ပြောပါတယ်။ မနှစ်က ရေအရင်းမြစ်နဲ့ ဆည်မြောင်းက လာရောက်ကြည့်ရှုခဲ့ဖူးပြီး အဲဒီနောက် ထပ်မံ လာရောက်ကြည်ရှု မရှိတော့တာကြောင့် ဒီနှစ် ၅ လပိုင်းမှာ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ စာတင်ထားတယ်လို့ ဆိုပါတယ်။ "အခုအခြေအနေက တော်တော်ဆိုးနေပြီ။ ရင်ပြင်တော်မှာ အက်ကြောင်းတွေ လိုက်လာကုန်ပြီ၊ ဒါတောင် အတီးတို့ ကမ်းဘေးမှာ အပင်တွေချပြီး ကာထားလို့။ ကျောင်းမြေလည်း တဖြည်းဖြည်းနဲ့ ဒသမ ၅၀ လောက် ရေထဲပါသွားပြီ” လို့ ဦးဖိုးချိုက ဒီဗွီဘီကို ပြောပါတယ်။ မဏိစည်သူမင်း လက်ထက်က တည်ထားခဲ့တယ်လို့ အဆိုရှိတဲ့ အဲဒီသမိုင်းဝင် အောင်စေတီတော်ဟာ ဉာဏ်တော် ၃၇ ပေ ရှိပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024