Home
မြန်မာသတင်း
ဝေဖန်စွပ်စွဲချက်များကို စကားဖြင့် တုံ့ပြန်တာထက် လက်တွေ့လုပ်ဆောင်ချက်ဖြင့် ကမ္ဘာကို ပြသမည်
DVB
·
October 13, 2017
ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလဒ်တွေနဲ့ ကမ္ဘာကို ပြသသွားဖို့ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၂ ရက်ညက နိုင်ငံပိုင်ရုပ်သံနဲ့ ရေဒီယိုတွေကနေ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းက  ပြည်သူတွေကို မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားတာပါ။ “အကြမ်းဖက်လုပ်ရပ်များကြောင့် ဆက်လက် ကြီးထွားလာရတဲ့ ပြဿနာများအပေါ် ကမ္ဘာ့အာရုံစိုက်မှုဟာ အင်မတန်မှ ကြီးမားပါတယ်။ ကျမတို့ နိုင်ငံအပေါ် ဝေဖန်မှုတွေလည်း များပြားပါတယ်။ နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို ကျမတို့ သိရှိနားလည်ဖို့ လိုပါတယ်။ သို့သော်လည်း ကျမတို့နိုင်ငံရဲ့ အ‌ခြေအနေကို ကျမတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မသိနိုင်သလို၊ ကျမတို့နိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေးကို ကျမတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မလိုလားနိုင်ပါဘူး။ ဒါ့ကြောင့် ဒီပြဿနာတွေကို ကျမတို့တွေရဲ့ စု‌ပေါင်းအင်အားတွေကို အဓိကထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေထဲမှာ လူသားချင်း စာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ကို အဓိက ဦးစားပေး လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့  ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ကို ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီစီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေကို ပါဝင်ကူညီကြဖို့လည်း ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။ နိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံးနဲ့ အစိုးရကို ဝန်းရံပေးတဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်းနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဓာတ်ပုံ-State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024