လိဂ်ဝမ်းကလပ် အိုးလ်ဟမ်းကို နည်းပြချုပ်အဖြစ် တာဝန်ယူရန် ပေါလ်စခိုး ဆွေးနွေး

2.6K
မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ လိဂ်ဝမ်းကလပ် အိုးလ်ဟမ်းအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဖို့ ဆွေးနွေးနေပါတယ်။
အင်္ဂလန်ဘောလုံးလိဂ်မှာ နံပါတ် ၃ အဆင့်ရှိ လိဂ်ဝမ်းမှာ ယှဉ်ပြိုင်နေတဲ့ အိုးလ်ဟမ်းကလပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက နည်းပြနဲ့ လမ်းခွဲခဲ့ပြီး ပေါလ်စခိုးကို တာဝန်ပေးဖို့ ဆွေးနွေးနေတာပါ။
လက်ရှိအချိန်မှာ အိုးလ်ဟမ်းအသင်းကို မန်ယူကစားသမားဟောင်းတဦးဖြစ်တဲ့ ရက်ချီဝဲလ်လန်က ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
အိုးလ်ဟမ်းနည်းပြရာထူးအတွက် ဟော်လန်ကစားသမားဟောင်း ဆီးဒေါ့ဖ်နဲ့လည်း ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
လိဂ်ဝမ်းကလပ် အိုးလ်ဟမ်းအသင်းဟာ လိဂ်ပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲရှုံး ရလဒ်နဲ့ အဆင့် ၁၉ မှာ ရောက်ရှိနေပါတယ်။
အသက် ၄၂ နှစ်ရှိ အင်္ဂလန်ကစားသမားဟောင်း ပေါလ်စခိုးဟာ မန်ယူအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့သူပါ။
မန်ယူအသင်းမှာ ပွဲပေါင်း ၇၁၈ ပွဲကစားခဲ့ပြီး ၁၅၅ ဂိုးသွင်းယူနိုင်ခဲ့ကာ ၂၀၁၃ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။