Live
Home
မြန်မာသတင်း
မကွေးတိုင်းဒေသကြီးအတွင်း ချောင်းရေလျှံမှုကြောင့် ခရီးသွားများ အခက်ကြုံ
DVB
·
October 12, 2017
မကွေးတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး သရက်-မင်းလှ ကားလမ်း သရက်မြင့်ချောင်း၊ ထန်းကိုင်းချောင်း၊ စစ္စနို့ချောင်း၊ ကုန်းကြီးချောင်း၊ ထန်းကိုင်းချောင်းနဲ့ မကွေး-မင်းလှ ကားလမ်းရှိ ထိန်တောချောင်းတွေမှာ အောက်တိုဘာ ၁၂ ရက် မနက် ၂ နာရီအထိ ချောင်းရေလျှံနေလို့ ခရီးသွားတွေ အခက်ခဲကြုံတွေ့ကြရကြောင်း သိရှိရပါတယ်။ ရေနံမကျေးရွာနေ ကိုအောင်ဌေးက “ညနေ ၃ နာရီကတည်းက မိုးရေစိုစိုနဲ့ ထိုင်စောင့်နေတာ ည ၇ နာရီထိုးပြီ။ ခုချိန်ထိ ဖြတ်လို့ မရသေးဘူး။ ဘယ်အချိန်ထိ စောင့်ရမယ် မသိဘူး။ စိတ်အနှောင့်ယှက် ဖြစ်ရတာပေါ့ဗျာ။ ဒီကုန်းကြီးချောင်းမှာ ကျနော် တခါ မျောပါဖူးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကုန်းကြီးကျေးရွာနေ ဦစံတင်က “ခံစားရတာပေါ့ဗျာ။ နာရီ တော်တော်ကြာနေပြီ။ ကျနော်တို့မှာ အခက်အခဲရှိတာပေါ့။ သွားဖို့ လာဖို့။ ကျနော်တို့ ကုန်ကြီးချောင်းက ရေစီးသန်တယ်။ တော်တော်နဲ့ ရေမလျော့ဘူး။ ၂ နာရီ၊ ၃ နာရီ ကြာတယ်။ ခုကို ရေက မလျော့သေးဘူး။ ခုံးတံတားလေး ထိုးပေးရင် ကောင်းတာပေါ့” လို့ ပြောပါတယ်။ ရေနံမကျေးရွာနေ ဒေါ်ခင်သူသူဝင်းက “ကုန်းကြီးချောင်းရေ ကျတာ ညနေ ၃ နာရီက။ ကျမတို့က ရေနံမကို ပြန်တာ။ ည ၁၁ နာရီရှိပြီ။ ခုချိန်ထိ မဖြတ်ရသေးဘူး။ ကားတွေလည်း တန်းစီစောင့်နေရတယ်။ ဆိုင်ကယ်တွေကတော့ ၃၀၀၀၊ ၂၀၀၀  ပေးပြီး အထမ်းငှားကြတယ်။ တော်တော်စိတ်ပျက်မိတယ်”လို့ ပြောပါတယ်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီးထဲက နေရာ တော်တော်များများမှာ ကားလမ်း ရေကျော်၊ ချောင်းများ ရေကျော်မှု ဖြစ်ပွားကာ ခရီးသွားပြည်သူတွေ အခက်အခဲကြုံကာ လမ်းခရီးနှောင့်နှေးနေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ သတင်း - မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024