တရုတ်မြန်မာနယ်စပ် တရုတ်ပိုင် ရွှေလီမြို့နဲ့ ကျယ်ဂေါင်မြို့မှာ မတ်လအတွင်း မြန်မာနိုင်ငံသား အလုပ်သမား ၈၀၀ ခန့် ဖမ်းဆီးခံရတယ်လို့ ရွှေလီမြို့ခံ ဦးအောင်ကျော်ဇောက ပြောပါတယ်။
ဒီလဆန်းပိုင်းက တရုတ်ရဲ တဦး အသတ်ခံရမှုနဲ့ ငွေလဲလှယ်တဲ့ တရုတ်အမျိုးသမီးကြီး တဦး ငွေလုခံရပြီး သေဆုံးပြီးတဲ့နောက် အဖမ်းအဆီး များလာတာလို့ သူက ပြောဆိုပြီး မြန်မာပြည် သားတွေကို အဖမ်းအဆီးများပြားတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ရဲတွေကတော့ သူတို့နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်မှုတွေ များပြားပြီး ဒုစရိုက်ထူပြော တာကြောင့် နယ်မြေငြိမ်ဝပ်ပိပြားရေးအတွက် အဖမ်းအဆီးလုပ်တာလို့ ဦးအောင်ကျော်ဇော ကရှင်းပြပါတယ်။ “ရွှေလီမြို့ တမြို့လုံးနဲ့ ကြယ်ဂေါင်မြို့ တမြို့လုံးကို အလုံးအရင်းနဲ့ ဖမ်းတာ ကတော့ ကျနော် မှတ်မိတာကတော့ ၁၄ ရက်နေ့ ညလောက်က စပါတယ်။ နည်းနည်း အရှိန်ကျ သွားတာကတော့ ဒီ တရက်နှစ်ရက်။ ဒါပေမယ့် ဖမ်းနေတုန်းပါပဲ။ အဓိက ပြဿနာ ကတော့ သူတို့ခေါင်းစဉ်ကတော့ ဒီမှာ ပြဿနာတွေ တချို့ပေါ်တယ်ပေါ့။ အမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီ တလပြီး တလ အတွင်းမှာ လုယက်မှုတွေ ဘာတွေ ဖြစ်ရင် ရာဇဝတ်မှုပေါ့။ မှုခင်းဆိုင်ရာ အမှု ၁၀၀ လောက်မှာ ၄၀ ရာခိုင်နှုန်းက မြန်မာပြည်သားတွေနဲ့ ဖြစ်တယ်ပေါ့။”
တရုတ်ရဲအရာရှိ သေဆုံးမှုက မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်ကနေ ဝင်ရောက်လုပ်ကိုင်သူ ၅ ဦးကို တရုတ်တယောက်ကပဲ ငွေပေး သတ်ခိုင်းတယ် ဆိုတာ ဖော်ထုတ်နိုင်ပြီး အမျိုးသမီးသေဆုံးမှု တရားခံတော့ မပေါ်သေးပါဘူး။
ဒီဖြစ်စဉ်တွေက ရက်ပိုင်းအတွင်း ဖြစ်တာကြောင့် ယူနန်ပြည်နယ် အရာရှိတွေက စုံစမ်းတဲ့အခါ ရွှေလီမှာ မြန်မာနိုင်ငံသား ၃ သောင်းလောက်အထိ ရောက်ရှိ လုပ်ကိုင်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သန့်စင်ရေးစီမံချက် ဆိုပြီး လက်မှတ် မရှိသူတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။