ရေးမြို့နယ် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ဖောင်ဦးစီးကို မကျေနပ်ရာမှ လူသတ်မှုဖြစ်ပွား
DVB
·
October 10, 2017
မွန်ပြည်နယ် ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင် ငှက်ပျောကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅၀ အကွာ ရေလုပ်ငန်းရှင်ဦးအောင်ကျော်မျိုးရဲ့ ကျားဖောင်မှာ အောက်တိုဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ကျားဖောင်ဦးစီးကို မကျေနပ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းထံမှ သိရပါတယ်။
ရေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမွန်က “ကျားဖောင်ဦးစီး ကိုလှပေါ်ဦးကို ကျားဖောင် ရေလုပ်သား ကျော်မင်းက ကျားဖောင်မှာ အလုပ်လုပ်ကိုင်ရာမှ ကျန်းမာရေးမကောင်းတဲ့အတွက် နားနေချိန်မှာ ကျားဖောင်ဦးစီး ကိုလှပေါ်ဦးမှ အလုပ်မလုပ်နိုင်ရင် ရေထဲကန်ချမယ်လို့ ပြောတာကြောင့် ကျားဖောင်ပေါ်ရှိ အရှည် ၂ပေ လုံးပတ် ၂ လက်မလောက်ရှိ သစ်သားထင်းပိုင်းနဲ့ ဖောင်ဦးစီးကို လှပေါ်ဦးကို ရိုက်နှက်ခဲ့ရာမှ သေဆုံးခဲ့ပါတယ်”လို့ ပြောပါတယ်။
ကျားဖောင်ဦးစီး ကိုလှပေါ်ဦး သေဆုံးခြင်းအပေါ် ရေလုပ်သား ကျော်မင်းကို ဥပဒေအရ အရေးယူပေးဖို့ ကိုလှပေါ်ဦးရဲ့ ဇနီးမအေးအေးအောင်က အောက်တိုဘာ ၉ ရက်နေ့ညက တိုင်တန်းလာခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။
လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ ကျော်မင်းကို (ပ)၃၀၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ အရ အောက်တိုဘာ ၉ ရက်နေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန်က အမှုဖွင့်အရေးယူထားပြီး စခန်းမှူး ဒုရဲမှူး စိုးမွန်က အသေးစိတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်