ပဲခူးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် သစ်တောဝန်ကြီးတို့နုတ်ထွက်ပေးရေး ဆန္ဒပြ
DVB
·
October 10, 2017
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ သယံဇာတ သစ်တောဝန်ကြီး ဦးကျော်မင်းစံတို့ ၂ ဦးကို ဂုဏ်သိက္ခာရှိရှိ နုတ်ထွက်ပေးဖို့ အောက်တိုဘာ ၁၀ ရက် မနက်က ပဲခူးမြို့မှာ ဒေသခံ ၃၀လောက်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူ ဦးလင်းလင်းနိုင်က “ကျနော်တို့ ပဲခူးတိုင်းဒေသကြီးအတွက် ဖွံ့ဖြိုးရေးကိစ္စတွေမှာ ဘာတခုမှ အောင်မြင်အောင် ပြတ်ပြတ်သားသား မလုပ်နိုင်တဲ့အတွက် ဂုဏ်သိက္ခာရှိရှိ နုတ်ထွက်ပေးဖို့ ကျနော်တို့ ဆန္ဒထုတ်ဖော်တာ”လို့ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပဲခူး၊ ဝေါ၊ တောင်ငူ၊ ပြည်၊ သနပ္ပင်နဲ့ ဖြူးမြို့နယ်က ဒေသခံ ၃၀ လောက် ပါဝင်ကြပြီး ဆန္ဒပြသူတွေဟာ မဇင်း ၁ လမ်းထိပ်ကနေ သနပ္ပင်လမ်း၊ ဘုရားလမ်း တလျှောက် စီတန်းလှည့်လယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ထိ သွားရောက်ဆန္ဒပြခဲ့ကြတာပါ။
တရားဥပဒေစိုးမိုးရေး၊ မတရားသိမ်းဆီးခံလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ ကျူးကျော်မြေတွေအား တိတိကျကျ ဆောင်ရွက်ပေးရေး ၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ကားမှတ်တိုင်တွေ တိတိကျကျ ဆောင်ရွက်ပေးရေး၊ ဝန်ကြီးချုပ် ဦးဝန်းသိန်းနဲ့ သစ်တောဝန်ကြီး ဦးကျော်မင်းစံနိုတ်ထွက်ပေးရေး စတာတွေကို ကြွေးကျော်ကြပြီး လမ်းတလျှောက် ဟောပြောတာ တွေလည်း ပြုလုပ်ခဲ့ပါတယ်။
အောင်စိုးမိုး