ကာဂျစ္စတန်ကို အနိုင်ကစားမည်ဟု မြန်မာအသင်းနည်းပြ ပြော

ဓာတ်ပုံ - လွှမ်းမိုးအောင်
အာရှဖလားခြေစစ်ပွဲ အောင်ဖို့အတွက် ကာဂျစ္စတန်အသင်းကို မဖြစ်မနေ အနိုင်ကစားမယ်လို့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီနဲ့ အသင်းခေါင်းဆောင် ရန်အောင်ကျော်တို့က ဒီကနေ့ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြန်မာအသင်းနဲ့ ကာဂျစ္စတန်အသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် ည ၇ နာရီ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲဟာ ခြေစစ်ပွဲအောင်ဖို့အတွက် အရေးကြီးတဲ့ပွဲဖြစ်ပြီး ထိုင်းအသင်းနဲ့ ခြေစမ်းပွဲက အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို အသုံးချပြီး မဖြစ်မနေ အနိုင် ၃ မှတ် ယူသွားမယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပြောပါတယ်။ မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း ကာဂျစ္စတန်ကို အနိုင်ကစားမှ ခြေစစ်ပွဲအောင်မှာဖြစ်လို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။ ကာဂျစ္စတန်နည်းပြကတော့ မြန်မာအသင်းရဲ့ ကစားပုံကို လေ့လာထားပြီး တလလောက် အချိန်ယူ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စု အေမှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေတာပါ။ မြန်မာအသင်းဟာ ၂ ပွဲကစားအပြီး အိန္ဒိယကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံး၊ မကာအိုကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားလို့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အာရှဖလားခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ ဒုတိယနှစ်သင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာပါ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၆၈ ခုနှစ် အာရှဖလားမှာ ဒုတိယဆုရပြီး နောက်ပိုင်း အာရှဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် မရတာ နှစ်ပေါင်း ၅၀ လောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up