အရောင်းဆိုင်ဝန်ထမ်း မျက်နှာကို အက်ဆစ်ဖြင့်ပက်ပြီး လုယက်မှုအား ကြားနာစစ်ဆေး (ရုပ်သံ)

အင်္ဂလန်နိုင်ငံမှာ ဓားပြတွေက ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ မျက်နှာကို အက်ဆစ်နဲ့ပက်ပြီး မြေပြင်ပေါ် လဲကျသွားအောင် ထိုးကြိတ်ကန်ကြောက် ဓားပြတိုက်ခဲ့တဲ့အမှုကို တရားရုံးမှာ ကြားနာခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ အောက်တိုဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။ လန်ဒန်အရှေ့ပိုင်း ဟက်ကနီမြို့မှာ ကွီရန်းဘူအီလို့ အမည်ရတဲ့ အသက် ၅၁ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး ဓားပြတိုက်ခံရပြီး အော်ဟစ် အကူအညီတောင်းစဉ် ဓားပြတဦးဖြစ်တဲ့ ဆာဒစ်ကာမရာက သူမရဲ့ပါးစပ်ထဲ ဓာတုအက်ဆစ်ဆေးရည်နဲ့ ဖျန်းပက်ခဲ့တာပါ။ စောင့်ကြည့်ကင်မရာ ရုပ်သံထဲမှာတော့ မစ္စဘူအီက ဓားပြနဲ့ လုံးထွေးသတ်ပုတ်ပြီး သူမ အချက်ပေးခေါင်းလောင်းကို နှိပ်ချိန်အထိ လုယက်သူက သူမရဲ့မျက်နှာကို အနည်းဆုံး ၄ ကြိမ် ဓာတုဆေးရည်နဲ့ ဖျန်းပက်ခဲ့တယ်လို့ ဆိုပါတယ်။ အချက်ပေးခေါင်းလောင်းသံမြည်ပြီး စက္ကန့် ၃၀ လောက်အကြာမှာ ဓားပြ ကာမရာနဲ့ ဂျော့ရူဝါဂျော်ဒန်တို့ ၂ ဦးဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးနောက် ၁၀ မိနစ်လောက်အကြာ ၁ မိုင်ကျော် ဝေးတဲ့နေရာမှာ ကာမရာနဲ့ ဂျော်ဒန်တို့ဟာ ဗီယက်နမ်အမျိုးသမီးတဦးကိုလည်း ဓာတုအက်ဆစ်ဆေးရည်နဲ့ဖျန်းကာ လုယက်ခဲ့တယ်လို့ ဝုဒ်ဂရင်းတရားရုံးမှာ ကြားနာခဲ့ပါတယ်။ ဗီယက်နမ်အမျိုးသမီး သီလီငုယင်ဟာ သူမရဲ့ လက်ကိုင်အိတ်ထဲက ပေါင်ငွေ ၅၇၅၊ ဘဏ်ကတ်နဲ့ မိုဘိုင်းဖုန်းတွေ ခိုးခံလိုက်ရတယ်လို့ သိရပါတယ်။ လုယက်သူတဦးဖြစ်တဲ့ ကာမရာက ညဘက် သန့်ရှင်းရေးလုပ်နေတုန်း မတော်တဆ မျက်လုံးထဲ အက်ဆစ်ဝင်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူနာတင်ကား ခေါ်ဆိုရာက လုယက်သူတွေကို ခြေရာခံ ဖမ်းမိခဲ့တာပါ။ ဓားပြ ၂ ဦးက ဒီအမှုကို မတ်လ ၁၀ ရက်နေ့မှာ ကျူးလွန်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံလိုက်ပေမယ့် ဗီယက်နမ်အမျိုးသမီးကို တိုက်ခိုက်လုယက်တာကိုတော့ ၂ ဦးလုံး ငြင်းဆန်ထားတယ်လို့ သိရပါတယ်။

More News
Up