မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ညီမဖြစ်သူကို နိုင်ငံ့ထိပ်တန်းရာထူး တိုးမြှင့်

ဓာတ်ပုံ - အီးပီအေ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အောက်တိုဘာ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပါတီအစည်းအဝေးမှာ သူ့ရဲ့ ညီမဖြစ်သူကို နိုင်ငံရဲ့ ထိပ်တန်း ဆုံးဖြတ်ချက်ချမှတ်သူ အဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့်ပေးပြီး အာဏာ ပိုမိုအပ်နှင်းလိုက်တယ်လို့ သိရပါတယ်။ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ ကင်ယိုဂျွန်းကို အလုပ်သမားပါတီ ပေါလစ်ဗျုရို အဖွဲ့ဝင်တဦးအဖြစ် သူမရဲ့အဒေါ်နေရာမှာ အစားထိုးခန့်အပ်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိ မစ္စကင်ယိုဂျွန်းကို ပါတီရဲ့ အကြီးတန်းအရာရှိအဖြစ် လွန်ခဲ့တဲ့ ၃ နှစ်က တိုးမြှင့်ပေးခဲ့တာပါ။ နိုင်ငံကိုတည်ထောင်ခဲ့ချိန် ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၈ ခုနှစ်ကစပြီး မြောက်ကိုရီးယားနိုင်ငံကို ကင်မိသားစုက အုပ်ချုပ်ခဲ့တာပါ။ မစ္စကင်က အစ်ကိုဖြစ်သူရဲ့ နိုင်ငံရေးပုံရိပ်အတွက် တာဝန်ရှိတယ်လို့ ထင်မြင်ယူဆခံရပြီး အစ်ကိုဖြစ်သူနဲ့အတူ လူထုအကြား မကြာခဏ ထွက်ပေါ်လေ့ရှိသူတဦးဖြစ်ကာ ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေးဌာနရဲ့ သြဇာအာဏာရှိတဲ့ လက်ထောက်ညွှန်ကြားရေးမှူးတဦးလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်ပြီး သူမကိုလည်း အမေရိကန်နိုင်ငံက အမည်ပျက်စာရင်း သွင်းထားပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က ကျင်းပတဲ့ ပါတီအစည်းအဝေးမှာ တခြား ထိပ်တန်းအာဏာပိုင် ဒါဇင်နဲ့ချီ ပါဝင်တဲ့ အာဏာအပြောင်းအလဲလုပ်မှု တစိတ်တပိုင်းအဖြစ် သူမရဲ့ ရာထူးတိုးမြှင့်မှုကို အစ်ကိုဖြစ်သူ ကင်ဂျုံအန်းကိုယ်တိုင် ကြေညာပေးခဲ့တာပါ။ မစ္စကင်ကို ဒီလို ရာထူးတိုးမြှင့်ပေးတာက မြောက်ကိုရီးယားကို ကင်မိသားစုက အခိုင်အမာ ဆုပ်ကိုင်ထားမှုရဲ့ နောက်ထပ်သက်သေတခုလို့လည်း ဆိုပါတယ်။ နိုင်ငံကိုအုပ်ချုပ်နေတဲ့ ပါတီရဲ့ ပြုလုပ်ခဲလှတဲ့ ပြီးခဲ့တဲ့နှစ် ညီလာခံမှာ မစ္စကင်ကို အဓိကရာထူး အပ်နှင်းခဲ့တာကလည်း နိုင်ငံရဲ့ အဓိကခေါင်းဆောင်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကို အစပြုနိုင်ဖို့အတွက်လို့ ယေဘုယျ ခန့်မှန်းခဲ့ကြပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေထဲမှာ နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုကိုလည်း ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် ထောက်ခံမဲအပြည့်နဲ့ ရာထူးတိုးမြှင့် ကြေညာခဲ့တယ်လို့ သိရပါတယ်။ ခြိမ်းခြောက်မှုတွေနဲ့ ပိတ်ဆို့မှုတွေ ရှိနေပါစေ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ဆက်လုပ်ကောင်း လုပ်မယ်လို့ ကင်ဂျုံအန်းက နောက်ထပ်တကြိမ် ထပ်မံပြောကြားကာ ဖီဆန်မှုတခုအဖြစ် ဒီလို ရာထူးတိုးမြှင့်မှုကို ကြေညာခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up