တရားမဝင် နွား ၂၈ ကောင် သယ်ဆောင်လာသည့် ကား ၂ စီးဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ အောက်တိုဘာ ၈ ရက် ည ၁၁ နာရီလောက်က ကား နှစ်စီးနဲ့အတူ တရားမ၀င် သယ်ဆောင်လာတဲ့ နွား ၂၈ ကောင် ဖမ်းမိခဲ့တယ်လို့ ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြူးမြို့ရဲ့မြောက်ဘက် ၃ မိုင်လောက်အကွာ မင်းကံရိုးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနဲ့ အမြန်လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ဆားဂွန်းလမ်းပေါ်မှာ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက တပ်ဖွဲဝင်တွေနဲ့ အခြားဌာနဆိုင်ရာအချို့က တာဝန်ရှိသူတွေက ပိတ်ဆို့ရှာဖွေစဉ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ပိတ်ဆို့ရှာဖွေနေချိန် ဖြူးမြို့ကနေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘက်ကို ယာဉ်မောင်းဝင်းစိုး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ပေါ်က နွားအထီး ၁၀ ကောင်နဲ့ ယာဉ်မောင်း သန်းခိုင် မောင်းနှင်လာတဲ့ ၆ ဘီး ယာဉ်ပေါ်က နွားထီး ၁၈ ကောင်၊ စုစုပေါင်း နွား ၂၈ ကောင်၊ ကာလတန်ဖိုး သိန်း ၇၀ ကျော်ဖိုး ဖမ်ဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ “အမြန်လမ်းအတက်နားမှာ မိတာပါ။ ခြောက်ဘီးက ၂ စီး၊ ၁ စီးက ၁၈ ကောင်၊ ၁ စီးက ၁၀ ကောင်စုစုပေါင်း၂၈ ကောင်ပါ” လို့ ဖမ်းစီးမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက  ပြောပါတယ်။ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက တရားမ၀င်နွားတွေ သယ်ဆောင်လာသူ ယာဉ်မောင်း ၀င်းစိုးနဲ့ သန်းခိုင် တို့ နှစ်ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up