လေဖိအားနည်းရပ်ဝန်း ဆက်လက်ဖြစ်ပေါ်နေ
DVB
·
October 9, 2017
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ အနောက် ဘင်္ဂလားကမ်းခြေတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနက် တိုင်းထွာချက်အရဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားနည်းနေတယ်လို့ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် (၃)ပေမှ (၆)ပေခန့် ရှိနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။
မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းမြောက်နဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ တနင်္သာရီနဲ့ ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ လည်းခန့်မှန်းထားပါတယ်။
မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့ အောက်တိုဘာ ၈ရက် ည(၈း၂၀)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်ထိပ်မှ လေဖိအားနည်းရပ်ဝန်း အခြေအနေမှာ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်လာပေမယ့် ကုန်းတစ်ပိုင်းရေ တစ်ပိုင်းဖြစ်နေတာကြောင့် လေတိုက်ခတ်မှုနဲ့ မိုးရွာသွန်းမှုတို့မှာ လျော့နည်းနေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။