မက္ကဆီကိုတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် သတင်းထောက်ကို တွေ့ရှိ

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ကျည်ဆန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဓာတ်ပုံသတင်းထောက် တယောက်ကို အောက်တိုဘာ ၆ ရက်နေ့က တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အကြမ်းဖက်မှု ဆိုးဆိုးရွားရွား ထူပြောတဲ့ နိုင်ငံအတွင်း ၂၀၁၇ ခုနှစ်ဟာ သတင်းထောက် သေဆုံးမှုအများဆုံး စံချိန်သစ် တင်တဲ့နှစ်အဖြစ် အစိုးရ အရာရှိတွေက သတ်မှတ်လိုက်ပါတယ်။ စန်လူးဝစ် ပိုတိုစီ ပြည်နယ်အတွင်း သတင်းဌာန ၂ ခုအတွက် အလုပ်လုပ်နေတဲ့ အသက် ၂၃ နှစ်အရွယ် အဒ်ဂါဒယ်နီယယ်အဲ့စ်ကေဒါကို ပြည်နယ်ရဲ့ မြို့တော်မှာ လည်ပင်းနောက်ဘက်က သေနတ်ကျည်ဆန် ဒဏ်ရာအနည်းဆုံး ၃ ခုနဲ့အတူ သေဆုံးနေတာ တွေ့ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ အောက်တိုဘာ ၅ ရက်နေ့က သူ့အိမ်ကနေ သေနတ်သမားတွေ ပြန်ပေးဆွဲ သွားတာ ခံခဲ့ရတယ်လို့ သူအလုပ်လုပ်နေတဲ့ သတင်းဌာနတွေက အစီရင်ခံခဲ့ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး မန်နျူယယ် ကာရေးရဲ့စ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလူသတ်မှုဟာ သတင်းထောက် အလုပ်နဲ့ ဆက်စပ်မှု ရှိမရှိကိုတော့ သူက မပြောခဲ့ပါဘူး။ အဲ့စ်ကေဒါဟာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ စန်လူးဝစ် ပိုတိုစီ ပြည်နယ် အစိုးရ ရဲ့လူ့အခွင့်အရေး အုပ်စုဆီကို အစီရင်ခံခဲ့တယ်လို့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က ပြောပါတယ်။ သူအသတ်ခံရမှုကြောင့် မက္ကဆီကိုဟာ သတင်းထောက်တွေအတွက် သွေးအစွန်းဆုံးနှစ် ဖြစ်လာတယ်လို့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းထောက်များ စောင့်ရှောက်ရေး အုပ်စု အာတီကယ် နိုင်တင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up