Home
မြန်မာသတင်း
ကွန်ပျူတာဖြင့် အလှအပကို အကဲဖြတ်ပေးနိုင်မည် (ရုပ်သံ)
DVB
·
October 8, 2017
မျက်လုံးနဲ့ကြည့်ပြီး အလှအပကိုခွဲခြားနိုင်သလို ကွန်ပျူတာတစ်လုံးကလဲ အလှအပကို အကဲဖြတ်ပေးနိုင်မယ့် လေ့လာမှုတရပ်ကို လန်ဒန်အခြေစိုက် ပလတ်စတစ်ဆာဂျရီ ပညာရှင် ဂျူလီယန်ဒီဆေးလ်ဗား(Julian De Silva)က ပြုလုပ်ခဲ့ပါတယ်။ ရွှေရောင်အချိုး ဖီ(Phi) လို့လူသိများပြီး ၁.၆၁၈ နဲ့ ညီမျှတဲ့ ရှေးဟောင်းသင်္ချာဖော်မြူလာတစ်ခုနဲ့ ဂျော့ကလိုနေး(George Clooney) ရဲ့မျက်နှာကို တွက်ချက်စေတဲ့အခါ ချောမောခန့်ညားတယ်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် ပလတ်စတစ်ဆာဂျရီ ပညာရှင် ဂျူလီယန်ဒီဆေးလ်ဗား က "မျက်လုံးနဲ့ အလှအပကို အဆင့်ခွဲခြားသတ်မှတ်တာက ကြည့်သူရဲ့ ယဉ်ကျေးမှု၊ မျိုးနွယ်စု ဓလေ့ထုံးတမ်းတွေအပြင် ဆွဲဆောင်မှုရှိတယ်လို့ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ သွင်ပြင်လက္ခဏာ အမျိုးမျိုးအပေါ် မူတည်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနည်းပညာက လူတွေရဲ့ မျက်နှာကိုကြည့်ပြီး စွဲဆောင်နိုင်မှုနဲ့ လှပမှုအဆင့်ကို ဘက်မလိုက်တဲ့ နည်းလမ်းတခုနဲ့ ခွဲခြားပေးနိုင်ပါလိမ့်မယ်"လို့ ပြောပါတယ်။ ဒီဆေးလ်ဗားက မျက်နှာကိုအသေးစိတ်ဖတ်ရှုသရုပ်ခွဲပြီး ရလာတဲ့ မျက်နှာ သွင်ပြင်ဆိုင်ရာ အရေးပါထင်ရှားတဲ့ တိုင်းတာမှုအချိုးကို ဖီ (Phi) နဲ့ နှိုင်းယှဉ်ပြီး ခြားနားမှုကို လျှော့ချပေးပါတယ်။ "မျက်လုံးတွေရဲ့ အလျားနဲ့အနံ အချိုးကျ/မကျ၊ နှာခေါင်းရဲ့ အရှည်က အကျယ်နဲ့ လိုက်ဖက်ညီမှုရှိ/မရှိ စတာတွေကို တွေ့နိုင်ပါတယ်။ မျက်နှာအစိတ်အပိုင်းအားလုံးရဲ့ ဒီလိုမျိုးကွဲပြားတဲ့ သွင်ပြင်လက္ခဏာ ဆိုင်ရာ အချိုးကျ အချက်အလက်တွေကို ရယူပေါင်းစပ်ပြီး မျက်နှာတစ်ခုလုံးရဲ့ အချိုးကျနမှုကို တွက်ချက်ပါတယ်"လို့ လေ့လာသူ လန်ဒန်အခြေစိုက် ပလတ်စတစ်ဆာဂျရီ ပညာရှင် ဂျူလီယန်ဒီဆေးလ်ဗား က ပြောပါတယ်။ BC ၃၀၀လောက်က ဂရိသင်္ချာပညာရှင် ယူကလစ်(Euclid)တွက်ချက်ထားတဲ့ ဖီအချိုးကို ပန်းချီနဲ့ ဗိသုကာပညာရှင်တွေက ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒေါက်တာ ဒီဆေးလ်ဗားရဲ့ လူနာတွေကတော့ ဒီလိုဟောင်းနွမ်းဆွေးမြေ့နေတဲ့ သီအိုရီတစ်ခုက သူတို့ကို လှပနုပျိုစေခဲ့တယ်ဆိုတာကို မသိကြပါဘူး။ "မျက်နှာသွင်ပြင်ဆိုင်ရာ ချင့်တွက်မှုကိစ္စတွေမှာ ဒါကိုအမြဲအသုံးပြုပါတယ်။ အခုလိုမျိုး မျက်နှာကို အသေးစိတ်ပိုင်းခြား အချိုးချနိုင်မှုက ရှမ်းကြိုက်လို့ နွားချောတယ်လို့ သံသယရှိတဲ့ ကိစ္စတွေမှာ ဘက်မလိုက်တဲ့ နှိုင်းယှဉ်ချက်တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။" ဒီဆေးလ်ဗားရဲ့တော့ပ်တန်း (topten) စာရင်းမှာ အမေရိကန် ရုပ်ရှင်ကြယ်ပွင့် ဘရက်ဒ်လေကူးပါး (Breadley Cooper) က ဒုတိယနေရာမှာရှိနေပြီး ဗြိတိန်ရုပ်ရှင်မင်းသား အိုင်းဒရိစ်(Idris Elba) က နံပတ် ၇ နေရာမှာ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024