Home
မြန်မာသတင်း
ဖမ်းဆီးသွားသည့် ရှမ်းလူငယ် ၆ ဦးကို ကေအိုင်အေ ပြန်လွှတ်ပေး
နော်နိုရင်း
·
October 7, 2017
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် မန်ဝိန်းကြီးဒေသမှာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဆိုင်လော်ရွာက ရှမ်းလူငယ် ၆ ဦးကို မနေ့က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ၀ါရှောင်ဘုန်းကြီးက မိန့်ပါတယ်။ ပြန်လွတ်လာသူတွေ အောက်တိုဘာ ၆ ရက်နေ့ ညနေမှ သူတို့နေထိုင်ရာရွာကို ပြန်ရောက်လာတယ်လို့ ၀ါရှောင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ “ဟုတ်တယ် လွတ်လာပြီ။ ဒါပေမယ့် ဒီနေ့မှ ရောက်မှာ။ မနေ့ညကတော့ မိုးချုပ်လို့လေ။ ဘုန်းဘုန်း ကိုယ်တိုင်ပဲအကုန်လုံး PCG ကိုချိတ်ပြီးတော့မှ ကိုယ်တိုင်တောင်း၊ တောင်းပြီး ညချင်း သူက ၄ ရက်နေ့ည ဖမ်းသွားပြီး ၅ ရက်နေ့မှာ ဘုန်းဘုန်းတို့ ချက်ချင်းတောင်းတယ်လေ။ မနေ့က PCG ကနေပြီး ဓာတ်ပုံနဲ့ဘာနဲ့ လွှတ်လာပေးတယ်။  ” ဖြစ်စဉ်မှာ ကေအိုင်အေ တပ်ရင်း ၃ က  ရွာသားလူငယ် ၆ ဦးကို အောက်တိုဘာ ၄ ရက် ညပိုင်းက ဖမ်းခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဆိုင်လော်ရွာအပြင် ကောင်းခမ်းနဲ့ လောဆာရွာတွေက ငှက်ပျောခြံ လုပ်သား  ၄၀ လောက်ကို ကေအိုင်အေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ၀ါရှောင်ဆရာတော်က မိန့်ပါတယ်။ ရှမ်းလူငယ်တွေ အဖမ်းခံရမှုနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (PCG) ကို အကြောင်းကြားပြီး ပြန်လွှတ်ပေးဖို့တောင်းဆိုရာမှာ ညှိနှိုင်းပေးမှုအရ အဆိုပါ ရှမ်းလူငယ် ၆ ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ “အဲဒါက ၄ ရက်နေ့ညကဖြစ်တယ်လို့သိရတယ်။ ၀ိုင်းမော်မြို့နယ် ၀ါရှောင်မှာရှိတဲ့ ဘုန်းကြီး တပါးကျနော့်တို့ PC မှာ ဖုန်းဆက်လာတယ်။ အဲဒီမှာ သူတို့ တပ်သားစုဆောင်းတယ်ဆိုပြီး အယောက် ၄၀ လောက်စုဆောင်းတဲ့အထဲမှာ သူတို့ ရှမ်း ၆ ယောက်လောက်ပါတယ်တဲ့။ သူတို့က သီတင်းကျွတ်အတွက်ဆိုပြီး ဘုန်းကြီးကျောင်းမှာလုပ်အားလာပေးပြီး အပြန်မှာ ဖမ်းသွား တယ်ဆိုပြီးမှပြောတာ။ အဲဒီအပေါ်မှာ ကျနော်တို့လည်း ကေအိုင်အိုကို တင်ပြပေးတဲ့အပေါ်မှာ အောက်ခြေကို သူတို့ပြန်စိစစ်ကြည့်မယ်ဆိုပြီး ပြန်စိစစ်ကြည့်တဲ့အခါမှာ တကယ်ပဲ ပါဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မနေ့က လွှတ်လိုက်တယ်။ မနေ့ကလမ်းမှာဖြစ်လို့ ဒီနေကျမှ သူတို့အိမ်ကို ပြန်ရောက်မှာဖြစ်တဲ့အကြောင်း ကေအိုင်အေဘက်ကလည်း သတင်းပို့ပေးလာ တယ်။ အဲဒါလည်း ၀ါရှောင်ဘုန်းကြီးကိုအကြောင်းကြားပြီးသားပါ။ ဒီနေ့တော့ ရောက်လာ မှာဖြစ်တယ်။ ” ဖမ်းဆီးခံရတဲ့ ရှမ်းလူငယ်တွေ ပြန်လွှတ်ပေးပေမယ့် ကျန်တဲ့သူတွေကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ ဖမ်ဆီးခံရတဲ့သူ ၄၀ လောက်ဟာ ငှက်ပျောက်ခြံမှာ လာရောက်အလုပ်လုပ်နေကြတာဖြစ်ပြီး တရုတ်လုပ်သားနဲ့ ကချင်လူမျိုးတွေအများစုပါဝင်ကြောင်း   ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေဗဟို ကော်မတီဝင် တဦးဖြစ်သူ ဗိုလ်မှူးကြီးဇော်ဒေါင်ကို မေးမြန်းရာမှာတော့ လူသစ်စုဆောင်းတာလို့ ပြောပါတယ်။ “ကျနော်တို့ကတော့ နဂိုလုပ်နေကျ လူသစ်စုဆောင်းတာပေါ့။ အားလုံးသိတဲ့အတိုင်း လူသစ်စုဆောင်းတယ်။ အဲဒီထဲမှာ တချို့မပါသင့်တဲ့ ကလေးတွေပါလာတော့ အသက်အ ရွယ်မရောက်သေးတဲ့လူတွေပါလာတော့ အဲဒါတွေပြန်လွှတ်လိုက်တာပေါ့။ တဖက်နိုင်ငံက အလုပ်သမား ၂ ယောက်ပါ လာတယ်။ အဲဒီနှစ်ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီနော်။” ဒါ့အပြင် အဆိုပါဒေသတွေက ကုမ္ပဏီလုပ်တဲ့ လုပ်ငန်းတွေမှာ ကေအိုင်အေဘက်က အခွန်ကောက်ခံတာတွေရှိပြီး သွားရောက်စစ်ဆေးရာမှာ တချို့ စာရွက်စာတမ်းမစုံလို့ ဖမ်းဆီးတာတွေရှိပေမယ့် ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။ ကေအိုအေ တပ်ရင်း ၃ အနေနဲ့ အဆိုပါဒေသမှာ နှစ်စဉ်လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေပြီး အခုလို မှားယွင်းဖမ်းဆီးမှုကြောင့် ညှိနှိုင်းပေးရတာ ဒီတခေါက်နဲ့ဆို  ၃ ကြိမ်မြောက်ရှိပြီလို့လည်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ ကေအိုင်အေက လီဆူလူမျိုးတွေကို လူသစ် အဓမ္မစုဆောင်းတာ၊ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်နေလို့ဆိုပြီး လီဆူတိုင်းရင်းသားအယောက် နှစ်ထောင်ကျော်က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ဆန္ဒပြခဲ့ကြဘူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024