တိုက်ကြီးတွင် တောဆင်ရိုင်းများ ၀င်ရောက်မှုကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံး
DVB
·
October 7, 2017
တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စုနဲ့ ချင်းကုန်းကျေးရွာအုပ်စုတွေမှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို တောဆင်ရိုင်းတွေ ၀င်ရောက်စားသောက် ဖျက်ဆီးနေလို့ တောင်သူတွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တောဆင်ရိုင်းတွေက စပါးစိုက်ခင်း၊ ကြံစိုက်ခင်းနဲ့ ငှက်ပျောစိုက်ခင်းတွေကို ဝင်ရောက်စားသောက်ဖျက်ဆီးနေတာလို့ ကြံစိုက်ခင်း တာဝန်ခံ ဦးမြင့်အောင်က ပြောပါတယ်။
“စက်တင်ဘာ တတိယအပတ်လောက်ကစပြီး တောဆင်ရိုင်းတွေ နည်းနည်းလောက်ဝင်လာပြီး စိုက်ခင်းတွေကို ဝင်စားပါတယ်။ အခုအောက်တိုလာလထဲမှာ တောဆင်ရိုင်းအကောင်ရေ ၃၀ လောက်ရှိတယ် ၀င်လာပြီး ကြံခင်းတွေကို ဝင်စားသွားတာ။ စားရုံတင်မဟုတ်ဘူး၊ အုပ်စုလိုက်ဝင်တော့ အကုန်နင်းထားတာနဲ့ စားသွားတာနဲ့ဆို ၁၇ ဧကလောက်ပျက်စီးသွားပြီ။ တောဆင်ရိုင်းတွေက ညဘက်ဝင်တာလေ၊ သူတို့အနားလည်း မကပ်ရဲတော့ အဝေးကနေ အော်ဟစ်ပြီး မောင်းတာတို့၊ ဗျောက်အိုးဖောက်ပြီး ခြောက်လှန့်မောင်းရပါတယ်။ ကြံခင်းပတ်လည်မှာ တူးမြောင်းတွေဖောက်ထားရတယ်။ စိုက်ခင်းစောင့်တဲ့လူတွေဆို သစ်ပင်ကြီးတွေအပေါ် လင့်စဉ်ထိုးနေတာတို့၊ ဝါးရုံပင်ထူထူတွေရှိတဲ့ကြားထဲမှာ နေရပါတယ်။ ညနလေးနာရီနောက်ပိုင်းဆို လူတွေအပြင်မထွက်ရဲတော့ဘူး။ သူတို့နဲ့တိုးရင် လူတွကိုပါ အန္တရာယ်ပေးတယ်လေ။ သက်ဆိုင်ရာဌာနဆိုင်ရာတွေအနေနဲ့ တောဆင်ရိုင်းတွေကို ကာကွယ်ပေးမယ်ဆိုရင် ကျနော်တို့ စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ ပျက်စီးဆုံးရှုံးမူတွေ သက်သာသွားမှာပါ။”
ဖလုံဘူတာအုပ်ချူပ်ရေးမှူး ဦးအေးသွင်က “ကျနော်တို့ အုပ်ချူပ်ရေးပိုင်းအနေနဲ့ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအနေနဲ့ အသိပညာပေးဟောပြောပွဲတွေ၊ ဆင်တွေကို လိုက်မောင်းမယ်ဆိုရင် တဦးတယောက်တည်း မမောင်းဖို့နဲ့ အုပ်စုဖွဲ့ မောင်းနှင်ဖို့တွေ တောဆင်တွေဝင်တဲ့ ကျေးရွာတွေကို အုပ်ချူပ်ရေး၊ သစ်တော၊ သစ်တောရဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေပူးပေါင်းပြီး တောဆင်တွေကို ခြောက်လှန့်မောင်းတာတွေကို ပြုလုပ်ပေးထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တိုက်ကြီးမြို့နယ်က သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအနင်းခံရလို့ ၂ လ အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မေသွယ်