ထော်လာဂျီနှင့်ဆိုင်ကယ် တိုက်မိ၊ သံဃာအပါအ၀င် ၂၆ ဦးဒဏ်ရာရ
DVB
·
October 7, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ရှိ ရှင်သီဝလိခြေတော်ရာတောင်အဆင်းမှာ အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီလောက်က သံဃာတော်တွေလိုက်ပါလာတဲ့ ထော်လာဂျီနဲ့ ဆိုင်ကယ်တိုက်မိပြီး သံဃာတော် ၂၂ ပါးနှင့်လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ကျောက်ကြီးမြို့မှာရှိတဲ့ ရှင်သီဝလိရဟန္တာမြတ်ခြေတော်ရာ တောင်တော်မှဘုရားဖူးပြီး ဆင်းလာတဲ့ ယာဉ်မောင်း ဥူးရာဇဓရ နေသူမောင်းနှင်လာတဲ့ ထော်လာဂျီနဲ့ ခြေတော်ရာတောင်ကိုဘုရားဖူးရန်တက်လာတဲ့ သန်းထိုက်အောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး ထော်လာဂျီ တိမ်းမှောက်သွားခဲ့တာပါ။
ထော်လာဂျီ တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ကျောက်ကြီးမြို့ပြည်သူဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး ဒဏ်ရာပြင်းထန်သူအချို့ကို ကျောက်ကြီးဆေးရုံကတဆင့် အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ တောင်ငူ၊ ရန်ကုန်၊ နေပြည်တော် နဲ့ မန္တလေးဆေးရုံကြီးတွေကို လွှဲပြောင်းကုသမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ကျောက်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းက ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ဥူးရာဇဓရနဲ့ သန်းထိုက်အောင်တို့ နှစ်ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။