အယ်ဘေးနီးယားကို အနိုင်ယူပြီး စပိန်အသင်း ခြေစစ်ပွဲအောင်မြင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဥရောပဇုန်က အုပ်စု (ဂျီ) ပွဲစဉ်မှာ နာမည်ကြီး စပိန်က အယ်ဘေးနီးယားကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ စပိန်က အိမ်ကွင်းမှာ အယ်ဘေးနီးယားကို သက်သောင့်သက်သာနဲ့ပဲ အနိုင်ယူသွားတာပါ။ အနိုင်ဂိုးတွေကို စပိန်က ပထမပိုင်းမှာတင် သွင်းယူနိုင်တာပါ။ ဦးဆောင်ဂိုးကို ၁၆ မိနစ်မှာ ဗယ်လန်စီယာအသင်း တိုက်စစ်မှူး ရိုဒရီဂို၊ ဒုတိယဂိုးကို ၂၃ မိနစ်မှာ ရီးရဲလ်ကွင်းလယ်လူ အစ္စကို၊ တတိယဂိုးကို ၂၆ မိနစ်မှာ အယ်ကန်တာရာက သွင်းယူပါတယ်။ စပိန်အနိုင်ရတဲ့အချိန်မှာ အုပ်စုတွင်းမှာ အနီးကပ်ဆုံး ပြိုင်ဘက် အီတလီက မက်ဆီဒိုနီးယားအသင်းနဲ့ ၁ ဂိုးစီ သရေကျသွားတဲ့အတွက် ခြေစစ်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်သွားတာပါ။ စပိန်အသင်းက အုပ်စု (ဂျီ)မှာ ကစားဖို့ ၁ ပွဲ ကျန်ပေမယ့်လည်း ၂၅ မှတ် ရပြီး အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up