ARSA အကြမ်းဖက်သမားတဦး နေအိမ်များကို မီးရှို့၍ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်
DVB
·
October 6, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးရွာရှိ လူနေအိမ်တွေကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတဦးက မီးရှို့ဖျက်ဆီးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
အောက်တိုဘာ ၄ ရက် မနက် ၂ နာရီ ၄၀ မိနစ်လောက်က မိကျောင်းဈေးကျေးရွာမှာ မီးလောင်မှုဖြစ်ပွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၄ နာရီခန့်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှု ဖြစ်စဉ်ကြောင့် လူနေအိမ် ၇ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဆေးမေးမြန်းချက်တွေအရ မီးရှို့သူမှာ ကျေးရွာနေ အီနု(ဘ) ဦးမာမတ်ဆွေရိန် ဖြစ်တယ်လို့ ဆိုပါတယ်။
အီနုဟာ ARSA အကြမ်းဖက်အဖွဲ့ဝင်တဦးဖြစ်ကာ ဘင်္ဂါလီတွေ တဖက်နိုင်ငံကို ထွက်ပြေးဖို့ လိုက်လံစည်းရုံးလှုံ့ဆော်နေသူဖြစ်ပြီး တဖက်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် ဖမ်းမိဖို့ ဆက်လုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေနဲ့ ပြည်ပသတင်းဌာနတွေကတော့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်ရွာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး အစဉ်တစိုက် စွပ်စွဲရေးသား သတင်းထုတ်ပြန်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး