ကော့စတာရီကာ၊ နီကာရာဂွါနှင့် ဟွန်ဒူးရပ်စ်တို့တွင် မုန်တိုင်းကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
အပူပိုင်း ဟာရီကိန်းမုန်တိုင်း နိတ်တ် (Nate) ဝင်ရောက်တိုက်ခတ်မှုကြောင့် ဗဟိုအမေရိက နိုင်ငံတွေဖြစ်တဲ့ ကော်စတာရီကာ၊ နီကာရာဂွါနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေမှာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ပြင်းအား အဆင့် ၁ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းဟာ အောက်တိုဘာ ၅ ရက်နေ့က ဗဟိုအမေရိကဒေသဆီ ဦးတည်ဝင်ရောက်ခဲ့တာပါ။ မုန်တိုင်းကြောင့် အဲဒီနိုင်ငံတွေမှာ ရေကြီးမြေပြိုမှုတွေ၊ တိုက်တာအဆောက်အအုံတွေနဲ့ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ကော့စတာရီကာနိုင်ငံမှာတော့ လူပေါင်း ၄ သိန်းနီးပါးဟာ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ထောင်သောင်းချီတဲ့လူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ နေထိုင်နေကြရတာပါ။ ဒီမုန်တိုင်းဟာ အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်ကိုလည်း ဝင်ရောက်နိုင်တဲ့အတွက် နယူးအော်လင်းစ်မြို့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာပါ။ နယူအော်လင်းစ်မြို့တော်ဝန် မစ်ခ်ျလန်ဒရူက “နောက်ဆုံး မိုးလေဝသ ခန့်မှန်းချက်တွေအရ အောက်တိုဘာ ၇ ရက် နှောင်းပိုင်းကနေ ၈ ရက်နေ့အထိ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး ပျမ်းမျှမိုးရေချိန်ထက် ကျော်နိုင်ပါတယ်။ မိုးခဏတာ ရွာသွန်းမှုကနေလည်း ရေကြီးမှုတွေ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီရက်တွေမှာ ခရီးသွားမယ်ဆိုရင် မဖြစ်မနေကိစ္စမျိုး ရှိမှသာ သွားကြဖို့ တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီမုန်တိုင်းဟာ မက္ကဆီကို ပင်လယ်ကွေ့ဆီ ဦးတည်နေပြီး လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာတော့ ပြင်းအား အဆင့် ၁ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းအဖြစ် လူဝီစီယားနား ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ကြေညာထားပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၂၀ လောက် ပျောက်ဆုံးနေတာဖြစ်ပြီး ဗဟိုအမေရိက နိုင်ငံတွေကိုလည်း အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေအဖြစ် ကြေညာထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up