၈၂ အရွယ် ဂျပန်အဘွားအို တီထွင်သည့် ဂိမ်းဆော့ဝဲလ် လူကြိုက်များနေ

အသက် ၈၂ အရွယ်မှာ ဂျပန်အဘွားအို ဝခမိယာ မာဆာကိုဟာ ကွန်ပျူတာပရိုဂရမ်ကို စတင်လေ့လာခဲ့ပြီး ၂ နှစ်အကြာ အခုနှစ်အစောပိုင်းမှာ ပထမဆုံး ဂိမ်းဆော့ဝဲလ်ကို ရေးသား ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်အထက်တန်းကျောင်းပညာ သင်ကြားပြီး ဘဏ်တခုမှာ ပင်စင်ယူတဲ့အထိ သာမန် ရုံးအလုပ် လုပ်ကိုင်ခဲ့သူ ဂျပန်အဘွားအိုဟာ ပရိုဂရမ်ပညာကို အသက် ၈၀ အရွယ်မှာ စတင်လေ့လာခဲ့ပြီး ၆ လကြာ ဂိမ်းရေးဆွဲနည်း ထပ်မံလေ့လာကာ အခုနှစ် ၃ လပိုင်းမှာ ပထမဆုံး ဂိမ်းဆော့ဝလ်ကို တီထွင်ရေးသားဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဂျပန်အဘွားအို ဝခမီယာရဲ့ ဂိမ်းဆော့ဝဲလ်ဟာ အသက်အရွယ် ကြီးမြင့်သူတွေကို ဦးတည်ထားခဲ့ပေမယ့် ဂျပန်လူကြီး လူငယ် မရွေး စိတ်ဝင်စား အသုံးပြု လူကြိုက်များခဲ့တာကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ Apple ကုမ္ပဏီက ဦးစီးကျင်းပတဲ့ နိုင်ငံတကာ နည်းပညာတီထွင်သူများ ညီလာခံမှာ မိတ်ဆက် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းလည်း ခံခဲ့ရပါတယ်။ ၁၉၃၅ ခုနှစ် တိုကျိုမြို့မှာ မွေးဖွားခဲ့သူ ဂျပန်အဘွားအို ပရိုဂရမ်မာဟာ ဘဏ်မှာ လုပ်ကိုင်ခဲ့စဉ်က သာမန် လုပ်ကိုင်နေထိုင်ခဲ့ပြီး ကွန်ပျူတာ သုံးစွဲခဲ့ခြင်း မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။ ဂျပန်ရိုးရာ ဟီန အရုပ်ပွဲတော်နောက်ခံ ဂိမ်းဆော့ဝဲလ်ကို ကျမလို အသက်အရွယ်ကြီးသူတွေကို လွယ်လွယ်ကူကူနဲ့ ဆော့ကစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ကူး ရွေးချယ် ရေးဆွဲထုတ်လုပ်ခဲ့တာလို့ အဘွားအို ဝခမီယာစံက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ အဘွားအို ဝခမီယာဟာ အသက်အရွယ် ကြီးရင့်သူတွေကို ဒစ်ဂျစ်တယ် နည်းပညာ အသုံးအဆောင်တွေနဲ့ ရင်းနှီးပျော်ပါးစေနိုင်ဖို့ ကွန်ပျူတာ သင်တန်းကျောင်းတွေလည်း ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးမြင့်လာလို့ တနေ့တခြား မှတ်ဉာဏ်အရ အားလုံး ပျက်စီး ဆုံးရှုံးလာနေပေမယ့် မနေ့က မလုပ်နိုင်တာတွေ ဒီနေ့ လုပ်နိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ နောက်ဆုံးအချိန်အထိ အလျှော့မပေးဘဲ လုပ်ဆောင်သင့်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်း ၈၀ ကျော်ကနေ ပျမ်းမျှနှစ် ၁၀၀ အထိ နေရမယ့်ကာလ နီးကပ်လာနေပါပြီလို့လည်း အသက် ၈၂ နှစ်အရွယ် ဂျပန်အဘွားအို ပရိုဂရမ်မာက သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up