ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ - အပိုင်း ၎
DVB
·
October 6, 2017
(The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ” အမည်နဲ့ မြန်မာဘာသာပြန်ဆို ရေးသားခဲ့ပါတယ်။)
(၇) ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ
ဘကြီးတော်ရဲ့တပ်တွေ ဆင်ဖြူကျွန်း ပြန်တက်သိမ်းလိုက်တာကို အင်္ဂလိပ် ကိုလိုနီနယ်ချဲ့တွေက သဘောမတူဘဲ ကန့်ကွက်ခဲ့တယ်။ အဲဒီပြဿနာကို အခြေပြုပြီး အနီးနားဝန်းကျင်က နယ်တွေဖြစ်တဲ့ မဏိပူရ၊ အာသံ၊ ကချာနယ်တွေမှာ မငြိမ်သက်မှုတွေ ပိုမိုကြီးထွားလာခဲ့တယ်။ အင်္ဂလိပ်နယ်ချဲ့တွေဟာ ၁၈၂၄ ခုနှစ် မတ်လမှာ ဗမာနိုင်ငံကို စစ်ကြေညာခဲ့တယ်။ စစ်သေနာပတိချုပ် မင်းကြီးမဟာဗန္ဓုလဟာ အာသံနဲ့ ရခိုင်ပြည်နယ်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ချီခဲ့တယ်။ ဘင်္ဂလားနယ်မှာ ဆုံကြမယ့် စစ်ကြောင်းနှစ်ကြောင်းမှာ ရခိုင်စစ်ကြောင်းကို မဟာဗန္ဓုလကိုယ်တိုင် ဦးစီးခဲ့ပြီး ဗြိတိသျှ-အိန္ဒိယတပ်ကို ပန်းဝါ(ရာမူး) တိုက်ပွဲမှာ အောင်နိုင်ခဲ့တယ်။
မင်းကြီးမဟာဗန္ဓုလတပ်တွေဟာ အင်္ဂလိပ်ဘုရင်ခံ ရုံးစိုက်တဲ့ ကာလကတ္တားကို ရောက်ဖို့ ၂ ရက်ခရီးသာ ဝေးတော့တဲ့အရပ်ထိ ရောက်ခဲ့လို့ ကာလကတ္တားမှာရှိတဲ့ အိန္ဒယလူမျိုးတွေဟာ ကြီးစွာ တုန်လှုပ်ချောက်ချားခဲ့ကြတယ်။ တပြိုင်နက်မှာပဲ ချက်ချင်း တပ်တွေရုပ်ပြီး ရန်ကုန်ကိုဆင်းဖို့ ဘုရင့်အမိန့်တော် ရောက်လာတာမို့ မင်းကြီးမဟာဗန္ဓုလနဲ့ ဗမာတပ်တွေဟာ ရခိုင်ရိုးမကို ဖြတ်ကျော်လို့ ရန်ကုန်ကို အပြင်းချီတက်ခဲ့ကြတယ်။
ဒါပေမယ့်လည်း မင်းကြီးမဟာဗန္ဓုလတပ်တွေ မရောက်ခင် အင်္ဂလိပ် ရေတပ်သဘောင်္တွေဟာ ၁၈၂၄ ခုနှစ် မေလမှာ ရန်ကုန်ဆိပ်ကမ်းကို ဝင်ရောက်ခဲ့ပြီး မျှော်လင့်မထားတဲ့ ဗမာတပ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒီနေရာ အဲဒီခေတ်က သတင်းစာတွေမှာတောင် ဒီစစ်ပွဲအကြောင်း ငြင်းခုံဝေဖန်ခဲ့ကြရတယ်။ နောက်ဆုံး ကွန်မြူနစ် ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ ကားလ်မာ့စ်ကတောင် တကယ်လို့ မဟာဗန္ဓုလဟာ ကာလကတ္တားကို ဆက်ချီတက် သိမ်းနိုင်ခဲ့ရင် ပထမအင်္ဂလိပ်-ဗမာစစ်ပွဲရဲ့ နောက်ဆုံးရလဒ်ဟာ တမျိုးတဖုံ ဖြစ်သွားနိုင်တယ်လို့ ဝေဖန်ပြခဲ့ရတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဗန္ဓုလတပ်တွေဟာ ကာလကတ္တားမြို့ကို ရောက်ဖို့ ၂ ရက်ခရီးသာ ကျန်တော့တဲ့ နေရာအထိ ရောက်နေခဲ့လို့ပါပဲ။
အိန္ဒိယက ဒေသခံတချို့ကလည်း မဟာဗန္ဓုလကို စစ်သူရဲကောင်းအဖြစ် လေးစားခန့်ညားကြတယ်။ သူတို့ရဲ့နယ်စပ်မှာရှိတဲ့ ရွာတရွာရဲ့ နာမည်ကိုတောင် “အတုမရှိ ဗန္ဓုလ” ပြိုင်ဘက်ကင်းတဲ့ ဗန္ဓုလလို့ အဓိပ္ပာယ်ရှိတဲ့ “အဗ္ဗဒူလာဗန္ဓုလ” ဆိုတဲ့နာမည်ကို မှည့်ခေါ်ထားကြတယ်။
ဘကြီးတော်မင်းဟာ ရန်ကုန်ကို တပ်တော်နှစ်ခု စေလွှတ်ခဲ့တယ်။ စစ်သူကြီး မဟာဗန္ဓုလတပ်တွေဟာ ရန်ကုန်ရောက်တာနဲ့ ရွှေတိဂုံဘုရား ခြေရင်းမှာ တပ်စွဲထားတဲ့ အင်္ဂလိပ်တပ်တွေကို တိုက်ဖို့ ပြင်ခဲ့ပေမယ့် လက်နက်ချင်း ကွာခြားလွန်းတာမို့ မအောင်မြင်ခဲ့ပါဘူး။ ဒါနဲ့ သူ့တပ်တွေကို ဓနုဖြူကို ပြန်ဆုတ်စေပြီး ခံစစ်ဆင်စေခဲ့တယ်။ အင်္ဂလိပ်နယ်ချဲ့တွေဟာ ဗမာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာခဲ့ကြတယ်။ ဓနုဖြူမှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး မဟာဗန္ဓုလကိုယ်တိုင် ဗုံးဆန်ထိမှန် ကျဆုံးခဲ့ရလို့ ဗမာတပ်တွေ ပျက်ပြီး ဆုတ်ခွာခဲ့ရပြန်တယ်။
ဗမာတပ်တွေဟာ ကုန်းတွင်းပိုင်းမှာလည်း မဏိပူရ၊ ကချာနယ်၊ အာသံနဲ့ ရခိုင်ဒေသတွေမှာ ဆက်အရေးနိမ့်လာပြီး ရေကြောင်းမှာလည်း ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ မြိတ်၊ ထားဝယ်၊ မုတ္တမ၊ ပဲခူး၊ ရန်ကုန် စတဲ့မြို့တွေ ကျဆုံးခဲ့ရတယ်။
အင်္ဂလိပ်နယ်ချဲ့တပ်တွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရင်း ပြည်မြို့အထိ ခုခံမှု အနည်းငယ်လောက်သာ ရင်ဆိုင်ခဲ့ရပြီး အလွယ်တကူ ရောက်ရှိခဲ့တယ်။ အဲဒီအချိန်မှာ ဗမာဘုရင်ထံက စစ်ပြေငြိမ်းလိုကြောင်း ကမ်းလှမ်းချက်ဟာ အင်္ဂလိပ်ကိုလိုနီ တပ်မှူးထံ ရောက်ရှိခဲ့ပေမယ့် ရန်လိုလွန်ကျူးစွာ တောင်းဆိုမှုတွေကြောင့် အထမမြောက်ခဲ့ပါဘူး။ အင်္ဂလိပ်တပ်တွေဟာ ဆက်လက်စစ်ချီလာခဲ့တာ နေပြည်တော် အင်းဝမြို့နဲ့ မိုင် ၅၀ သာ ဝေးကွာတော့တဲ့ မြင်းခြံမြို့ အထက်နားက ရန္တပိုရွာနားအထိ ရောက်ရှိခဲ့တယ်။
ဘကြီးတော်မင်းရဲ့ ဒုတိယမြောက် စစ်ပြေငြိမ်းရေး ကမ်းလှမ်းချက် ရောက်ရှိပြီးတဲ့နောက် ကိုလိုနီနယ်ချဲ့တွေရဲ့ လွန်ကဲစွာ တောင်းဆိုမှုတွေကို လိုက်လျောရုံမှတပါး တခြားနည်းလမ်း မရှိတော့တာမို့ အေဒီ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရန္တပိုစာချုပ်ကို အင်္ဂလိပ်တွေရဲ့အလိုကျ အောက်ပါအတိုင်း ချုပ်ဆိုခဲ့တယ်။
(၁) ရခိုင်၊ တနင်္သာရီနဲ့ အာသံနယ်တွေကို ဗမာဘုရင်က အင်္ဂလိပ်ထံ အပ်နှင်းရမယ်။
(၂) ဗမာတွေဟာ မဏိပူရ၊ ကချာနဲ့ ဂိမ်ရှားနယ်တွေဟာ အင်္ဂလိပ်ပိုင်တွေ ဖြစ်ကြောင်း အသိအမှတ်ပြုရမယ်။
(၃) စစ်စရိတ်လျော်ကြေးအဖြစ် ပေါင်စတာလင် ၁ သန်း ဗမာတွေက အင်္ဂလိပ်တွေကို အရစ်လေးရစ်နဲ့ ခွဲပေးအပ်ရမယ်။ ပထမရစ်ကို ချက်ချင်း ပေးဆောင်ရန်၊ ဒုတိယရစ်ကို စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း ၁၀၀ ပြည့်ရင် ပေးဆောင်ရန်၊ ကျန်တဲ့ အရစ်တွေကို ၂ နှစ်အတွင်း ပေးဆောင်ဖို့နဲ့ ဒုတိယအရစ် စစ်လျော်ကြေးပေးပြီးမှ အင်္ဂလိပ်ရေတပ်ကို ရန်ကုန်ဆိပ်ကမ်းက ထွက်ခွာပေးမယ်။
(၄) ဗမာဘုရင်ဟာ အင်္ဂလိပ်သံမှူးကို အင်းဝနေပြည်တော်မှာ လက်ခံရမယ်၊ အပြန်အလှန်အားဖြင့် မြန်မာသံမှူးကို ကာလကတ္တားမှာ အင်္ဂလိပ်က လက်ခံပေးမယ်။
(၅) အရှေ့အိန္ဒိယကုမ္ပဏီနဲ့ ဗမာဘုရင်ဟာ ကုန်သွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုရမယ်။
စစ်ပွဲကြောင့် အင်္ဂလိပ်နယ်ချဲ့တွေဘက်က အသေအပျောက်နဲ့ ဆုံးရှုံးမှု ကြီးမားတယ်လို့ ဆိုခဲ့ပေမယ့် ဒီစစ်ပြေငြိမ်းစာချူပ်ပါ အချက်တွေဟာ အလွန်ပြင်းထန် တဖက်စောင်းနင်းကျတဲ့အပြင် ကိုလိုနီနယ်ချဲ့တွေရဲ့ လောဘနဲ့ မာန်မာနကြီးမားမှုကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။
ဗမာတွေဘက်က မဏိပူရ၊ အာသံနယ်တွေကို လက်လွှတ်ခဲ့ရတဲ့အပြင် ပင်လယ်ရေနက်ဆိပ်ကမ်းတွေပါတဲ့ ရခိုင်နဲ့ တနင်္သာရီနယ်တွေကိုပါ အင်္ဂလိပ်လက် ထိုးအပ်ခဲ့ရတာပါ။ စစ်လျော်ကြေး ပေါင်စတာလင် ၁ သန်း ဆိုတာကလည်း အဲဒီခေတ် ၁၈၂၆ ခုနှစ်လောက်က ကျေးလက်နေ ပြည်သူတယောက်ရဲ့ တလစာ လူနေမှုစရိတ်ဖြစ်တဲ့ ဗမာငွေ ၁ ကျပ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ကြောက်ခမန်းလိလိ များပြားတဲ့ ငွေကြေးပမာဏ ဖြစ်တယ်။
ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ ရလဒ်ဟာ ဗမာနိုင်ငံအတွက် အလွန်ကြီးမားခါးသီးတဲ့ အတွေ့အကြုံတခု ဖြစ်သလို အလောင်းဘုရား တည်ထောင်ခဲ့တဲ့ တတိယဗမာနိုင်ငံတော်ရဲ့ မူလပိုင်နက် နယ်ပယ်တချို့ လက်လွှတ်ဆုံးရှုံးပြီး တန်ခိုးအာဏာစက် လျော့ပါးသွားတဲ့ အကျနိုင်ငံအဆင့်ကို ရောက်ရှိသွားခဲ့ရတာ ဖြစ်တယ်။ ဗမာဘုရင်နဲ့တကွ ပြည်သူပြည်သား အားလုံးဟာ စစ်ရှုံးမှုဒဏ်ကို အလူးအလိမ့် ခံခဲ့ရတယ်။ သူတို့ဟာ ပေးစရာကျန်တဲ့ စစ်လျော်ကြေးစရိတ်ကို ခက်ခဲပင်ပန်းစွာ ၁၈၃၂ ခုနှစ်ထိ ပေးဆပ်ခဲ့ရတယ်။ ခေတ်အမြင် နောက်ကျခဲ့တဲ့ ဗမာဘုရင်ဟာ ပေးခဲ့ရတဲ့ စစ်စရိတ်တွေပြီးရင် ပြန်ရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့တယ်။ ဘုရင်ဟာ ကိုလိုနီနယ်ချဲ့စနစ်ကို ကောင်းစွာ နားလည်ခဲ့ပုံ မရပါဘူး။
၁၈၃၀ ပြည့်နှစ်မှာတော့ အင်္ဂလိပ်မေဂျာ ဟင်နရီဘာနေးဟာ အင်းဝ နေပြည်တော်ရဲ့ ပထမဆုံး ဌာနေစစ်သံမှူးအဖြစ် ရောက်ရှိခဲ့တယ်။ သူဟာ ဗမာ နန်းတွင်းရေးရာ ကိစ္စတွေမှာ ထဲထဲဝင်ဝင် ခြေရှုပ်ပတ်သက်ခဲ့တယ်။ မိဖုရားနဲ့ သူမ အစ်ကိုတော်ရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ သယာဝတီမင်းကို ပုန်ကန်မှု အကြောင်းပြုလို့ ဖယ်ရှားရာမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့်လည်း သယာဝတီမင်းဟာ ရွှေဘိုဘက် ထွက်ပြေးတိမ်းရှာင်ပြီးမှ အင်းဝကို ပြန်လည်တိုက်ခိုက်ရာမှာ အောင်မြင်လို့ ဘုရင်ဖြစ်လာခဲ့တယ်။ မိဖုရားနဲ့ မိဖုရား အစ်ကိုတော် အပါအဝင် စကြာမင်းသားကိုပါ ကွပ်မျက်ခဲ့တယ်။ ဘကြီးတော်မင်းကိုတော့ ၁၈၃၇ မှာ နန်းချပြီး အစောင့်အကြပ် ထူထဲစွာနဲ့ အကျဉ်းချထားခဲ့တယ်။ သူ့ကို တချို့ကလည်း အင်္ဂလိပ်လိုလားသူလို့ သတ်မှတ်ကြတယ်။
သာယာဝတီမင်းဟာ လက်နက်ခဲယမ်းမီးကျောက်တွေ ဝယ်ယူတပ်ဆင်စေပြီး တပ်ကို အားဖြည့်ခဲ့တယ်။ ပထမဦးစွာ ကျိုင်းတုံကို ယိုးဒယားလက်အောက် မရောက်အောင် ကာကွယ်ပေးခဲ့ပြီး နိုင်ငံရပ်ခြားက အင်အားကြီးနိုင်ငံတွေရဲ့ လေးစား အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့တယ်။ ဒါကို မခံရပ်နိုင်တော့တာမို့ ဘာနေးဟာ အင်္ဂလိပ်သံရုံးကို ၁၈၄၀ မှာ ပိတ်ပြီး အိန္ဒိယကို ပြန်သွားခဲ့တယ်။ အဲဒီနောက် စစ်အင်အားပြသဖို့ ဘုရင်ကိုယ်တိုင် ရန်ကုန်ကိုဆင်းပြီး ရွှေတိဂုံဘုရားဖူး ထွက်ခဲ့ခြင်းဟာ အင်္ဂလိပ်နယ်ချဲ့တွေကို စိုးရိမ်စေဖို့ အချက်ပြသလို ဖြစ်ခဲ့တယ်။
ဒီအတောအတွင်း နာမည်ကျော် နန်းတွင်းစာဆို အနုပညာရှင် မမြကလေးနဲ့ မင်းသားတပါးရဲ့ ပုန်ကန်လုပ်ကြံမှုဟာ အကြောင်းမလှခဲ့တာမို့ ကွပ်မျက်ခြင်းခံခဲ့ရတယ်။ ဘုရင်ကိုယ်တိုင်ကတော့ နာမကျန်းဖြစ်ပြီး ၁၈၄၆ ခုနှစ်မှာ ကံတော်ကုန်ခဲ့ရတယ်။ အဲဒီနောက် အကြီးဆုံးသားတော် ပုဂံမင်းဟာ တခြားမင်းသားနှစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ အကူအညီ ထောက်ပံ့မှုနဲ့ နန်းတက်လာခဲ့တယ်။ ပုဂံမင်းဟာ ရှမ်းမင်းသမီးကို မိဖုရားအဖြစ် တင်မြှောက်ပြီး ရှမ်းစော်ဘွားတွေရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့တယ်။ သူဟာ ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ဆည်မြောင်းတွေ ပြန်လည်တည်ဆောက်ခဲ့ပြီး စစ်အင်အားကိုလည်း တောင့်တင်းအောင် ဖြည့်တင်းခဲ့တယ်။ နောက်ဆုံး ပုဂံမင်းဟာ ရန္တပိုစာချုပ်ကို အဆုံးသတ်နိုင်ဖို့ ပြင်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ အင်္ဂလိပ်နယ်ချဲ့တွေဟာ တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ ဘိန်းစစ်ပွဲတွေနဲ့ အလုပ်များနေခဲ့တယ်။ အင်္ဂလိပ်တွေဟာ ရုရှားတွေရဲ့ ရန်ကိုလည်း စိုးရွံ့နေရချိန် ဖြစ်တယ်။
တရုတ်ပြည်ဟာ သူ့ရဲ့ဆိပ်ကမ်းတွေကို နိုင်ငံရပ်ခြား တိုင်းပြည်အားလုံးအတွက် ဖွင့်လှစ်ပေးခဲ့တယ်။ ဗမာနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်ဝမှာ တည်ရှိနေတာမို့ ရန်ကုန်ဆိပ်ကမ်းဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့အပြင် ဗမာနိုင်ငံဟာ တရုတ်ပြည်ရဲ့ အနောက်တံခါးသဖွယ် ဖြစ်လာတာမို့ ကုန်သွယ်ရေးမှာ စိတ်ဝင်စားဖွယ်ရာ အရေးပါလာခဲ့တယ်။
အမေရိကန် ဘက်ပတစ် ခရစ်ယာန်သာသနာပြုအဖွဲ့ဟာလည်း ရန်ကုန်ကို ရင်းနှီးစွာ ဝင်ရောက်လာခဲ့တယ်။ အဲဒီအခြေအနေတွေအပြင် အိန္ဒိယဘုရင်ခံသစ် လော့ဒါလဟိုစီဟာ ကိုလိုနီနယ်ချဲ့စိတ် ပြင်းထန်သူ ဖြစ်တယ်။ သူဟာ ဗမာနိုင်ငံကို အိန္ဒိယ အင်္ဂလိပ်အင်ပါယာအောက် သွတ်သွင်းဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်တယ်။ ဒါကိုရိပ်မိတဲ့ ဗမာတွေက တိတ်တဆိတ် ငြိမ်သက်စွာ ပြင်ဆင်နေကြတာမို့ အရှေ့အိန္ဒိယကုမ္ပဏီအနေနဲ့ ရန်စဖို့ အကြောင်းရှာရ ခက်နေခဲ့တယ်။
အပိုင်း (၅) ဆက်ရန် ......
မင်းကောင်းချစ်