Home
မြန်မာသတင်း
မကွေးမြို့ မြသလွန်ဘုရားကြီး ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀ ထွန်းညှိပူဇော်ပွဲ
DVB
·
October 6, 2017
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရဲ့ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး ဆီးမီး ၉၀၀၀၊ ပန်း ၉၀၀၀ ပူဇော်ပွဲကို အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်မှာ စတင်ကျင်းပခဲ့ပြီး ပွဲစတဲ့အချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘုရားဖူးခရီးသွားတွေ အခက်ခဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အထက်မင်းလှမြိုနယ်မှ လာရောက်ဘုရားဖူးသူ ဦးကျော်စွာဝင်းက “ရာသီဥတု အနေထားအရ မီးထွန်းပွဲ စတင်ကျင်းပဖို့ ကြော်ငြာတဲ့ အချိန်မှာ လူအုပ်ကြီးက အပြေးလွှား တိုးဝှေ့ကြည့်ကြတာပေါ့။ ပွဲစတဲ့အချိန်မှာပဲ မိုးက သဲကြီးမဲကြီး ရွာတော့ ကြည့်ခွင့်မရခဲ့ဘူး။ ကျန်ာတို့နယ်ကနေ တကူးတက လာရောက်ဖူးမြော်ကြည့်ရှုရတာ မိုးခိုစရာ နေရာမရှိတော့ တကိုယ်လုံး စိုရွှဲပြီး ကျန်းမာရေး ထိခိုက်မှာစိုးတဲ့အတွက် နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ ဘုရားဖူး ခရီးသွား ဒေါ်ခင်သူဝင်းက “ကျမတို့က ရာသီဥတု သာယာတယ်ဆိုပြီး ကလေးတွေနဲ့အတူ ပွဲဈေးလျှောက်တဲ့အချိန်မှာပဲ မိုးသဲကြီးမဲကြီးရွာတော့ မိုးလွတ်တဲ့ နေရာကို တိုးဝှေ့ကြတော့ ကလေးတွေ တဖက်နဲ့ဆိုတော့ ပိုပြီးဒုက္ခများတာပေါ့။ ဘာမှကို မကြည့်ခဲ့ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဈေးဆိုင်ပိုင်ရှင် ကိုမျိုးက “အခုနှစ် မြသလွန် ဘုရားပွဲတော်ဟာ အရင်နှစ်တွေထက် ကြိတ်ကြိတ်တိုး စည်ကားပြီး မြသလွန်ဘုရားပွဲတော်ဆိုတာနဲ့ ဆီမီး ၉၀၀၀ ပန်း ၉၀၀၀ ထွန်းညှိပူဇော်ပွဲဟာ အလွန်ကြည်ညိုစရာကောင်းတဲ့ ပွဲတခုပါ။ အရင်နှစ်တွေက မိုးရွာရင် မီးထွန်းပူဇော်ပွဲကို ရက်ရွှေ့ ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ မိုးရွာတဲ့ကြားထဲကပဲ မဖြစ် ဖြစ်အောင် ကျင်းပခဲ့တယ်။ မကွေးမြို့စွန် မြသလွန်ဆိုရင်ပဲ တနိုင်ငံလုံး သိရှိထင်ရှားကာ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့မှ သီတင်းကျွတ် လကုန်ထိ ရက် ၂၀ တိုင်တိုင် ကျင်းပလေ့ရှိတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကိုယ်တိုင် လာရောက်ပူဇော်ခဲ့ပါတယ်။ ရာသီဥတု အခြေအနေအရ ဆီမီး ၄၅၀၀ လောက်သာ ပူဇော်နိုင်ခဲ့တယ်လို့  မြသလွန်ဘုရား ဂေါပက အတွင်းရေးမှူး ဦးအေးကျော်က ဒီဗွီဘီကို ပြောပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024