သာစည်တွင် ဖခင်နှင့် သားဖြစ်သူ စကားများရာမှ လူသတ်မှု ဖြစ်ပွား
DVB
·
October 6, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၊ အမှတ် (၄) ထိန်ကန်ရပ်ကွက်၊ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီက ဖခင်ဖြစ်သူ အရက်မူးပြီး မိခင်ကို ဆဲရေးတိုင်းထွာ ဆူပူကြိမ်းမောင်းကာ ထင်းချောင်းတွေနဲ့ ပစ်နေတာကို သားဖြစ်သူက ဝင်တားရာကနေ စကားများ ရန်ဖြစ်ပြီး ဖခင်ကို သားက ဓားနဲ့ထိုးလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အမှတ် (၄) ထိန်ကန်ရပ်ကွက်နေ အသုပ်စုံရောင်းတဲ့ ဒေါ်ချို ထမင်းချက်ဖို့ မီးမွှေးနေချိန်မှာ အရက်မူးပြီး ပြန်လာတဲ့ ခင်ပွန်းဖြစ်သူ ဦးစိန်ဝင်း(၅၀-နှစ်)က ဆဲရေးတိုင်းထွာ ဆူပူကြိမ်းမောင်းပြီး ဒေါ်ချိုကို ထင်ချောင်းတွေနဲ့ ပစ်ပေါက်နေလို့ သားဖြစ်သူ ရန်လင်းအောင် (၂၀-နှစ်)က ရန်မဖြစ်ဖို့ ဝင်တားခဲ့ပါတယ်။
ဦးစိန်ဝင်းက အနီးမှာရှိတဲ့ တုတ်နဲ့ ရန်လင်းအောင်ရဲ့ ဦးခေါင်းကို ရိုက်လိုက်ရာ ခေါင်းပေါက်ခဲ့ပါတယ်။ အဲဒီနောက် လုံးထွေးသတ်ပုတ်ကြရင်း ရန်လင်းအောင်က အိမ်ရှေ့ရှိ အသုပ်စုံရောင်းဖို့ ပြင်ဆင်ထားတဲ့ ခုံပေါ်က အရိုးအသွား ၉ လက်မ ရှိတဲ့ သစ်သားရိုးတပ် စတီးဓားနဲ့ ဦးစိန်ဝင်းကို ထိုးလိုက်ရာ ဦးစိန်ဝင်း သေဆုံးသွားတာခဲ့တာကြောင့် ရန်လင်းအောင်ကို လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲမှူးဇော်မျိုးသန်းက “ဦးစိန်ဝင်းက ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ၊ ယာဘက် လည်ပင်း ထိုးသွင်းဒဏ်ရာ၊ ဝဲနားထင် ပြတ်ရှဒဏ်ရာ၊ ယာခြေမ ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်”လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းက ရန်လင်းအောင်(၂၀-နှစ်) ကို အမှုအမှတ် (ပ)၂၀၈/ ၂၀၁၇ နဲ့ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီး အမှုဖွင့်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)