တောင်းရမ်းငွေယူပြီး လှည့်စားစေ့စပ်ခဲ့သည့် ချစ်သူကို ထိုင်းအမျိုးသား တိုင်ချက်ဖွင့်

ထိုင်းနိုင်ငံမှာ အမျိုးသားတဦး မိန်းကလေးတဦးနဲ့ ချစ်သူသက်တမ်း ၃ ပတ်ကြာအောင် ကြိုက်ပြီး ချစ်သူမိန်းကလေးရဲ့အိမ်မှာ ရိုးရာစေ့စပ်ပွဲ အခမ်းအနားအတွက် မိန်းကလေးကို စေ့စပ်တောင်းရမ်းငွေ ထိုင်းဘတ် ၅ သောင်း (အမေရိကန်ဒေါ်လာ ၁၅၀၀) တင်တောင်းခဲ့ပြီးနောက် မိန်းကလေး ပျောက်နေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် စက်ရုံအလုပ်သမား ဘွန်ချူရေမွန်သမ်က သူ့ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက စေ့စပ်တောင်းရမ်းတဲ့ငွေတွေ ယူပြီးထွက်ပြေးဖို့ လှည့်စားစေ့စပ်ခဲ့တာလို့ ယူဆပြီး ပထုံဌာနီရဲစခန်းမှာ အောက်တိုဘာလ ၃ ရက်နေ့က တိုင်ချက်ဖွင့်ခဲ့ပါတယ်။ နဗားနခွန်းဒေသ ဈေးမှာ ဈေးရောင်းတဲ့ အာရီဆာ ဆိုတဲ့ မိန်းကလေးကို ဘွန်ချူရေးက စက်တင်ဘာလ ၃ ရက်နေ့က တွေ့ခဲ့ပြီး သိပ်မကြာခင်မှာ ချိန်းဆိုခဲ့ကြကြောင်း၊ အဲဒီနောက် အာရီဆာက သူ့ကို သူမမိဘတွေနဲ့ မိတ်ဆက်ပေးခဲ့ကာ သူတို့ ၂ ဦးရဲ့ ချစ်သက်တမ်း ၃ ပတ် ကြာပြီးတဲ့နောက်မှာ တောင်းရမ်းငွေနဲ့ စေ့စပ်ဖို့ တောင်းဆိုခံခဲ့ရတာလို့ ဆိုပါတယ်။ ဘွန်ချူရေးအနေနဲ့ သူတို့ရဲ့ သမီးနဲ့ ချိန်းဆိုမှုက လေးနက်တယ်ဆိုရင်၊ သူတို့ရဲ့ ချစ်သူဘဝ ဆက်သွားချင်တယ်ဆိုရင် သူ့အနေနဲ့ သမီးဖြစ်သူကို တောင်းရမ်းရမယ်လို့ အာရီဆာရဲ့ မိဘတွေက တောင်းဆိုခဲ့တာလို့ ခါအိုဆော့ဒ်သတင်းဌာနက ဆိုပါတယ်။ သူ့ချစ်သူ မိသားစုက တောင်းဆိုခဲ့လို့ လိုက်နာခဲ့တယ်လို့ ဘွန်ချူရေးက ပြောလိုက်ပြီး “ကျနော်က ဘတ် ၂ သောင်း (အမေရိကန်ဒေါ်လာ ၆၀၀) နဲ့ တောင်းရမ်းဖို့ ပြောပေမယ့် သူမ အမေက ထိုင်းဘတ်ငွေ ၅ သောင်း (အမေရိကန်ဒေါ်လာ ၁၅၀၀ ) တောင်းဆိုခဲ့လို့ ကျနော် လက်ခံခဲ့ပြီး ကျနော့် ဘဏ်အကောင့်ထဲက နောက်ထပ် ဘတ် ၃ သောင်း ထုတ်ခဲ့တယ်၊ စက်တင်ဘာ ၄ ရက်နေ့မှာ ကျနော်တို့ စေ့စပ်ခဲ့ကြတယ်” လို့ ဘွန်ချူရေးက ပြောပါတယ်။ စေ့စပ်ပြီးနောက်မှာ ချစ်သူမိန်းကလေးကို နောက်ထပ် လူချင်း မတွေ့ရတော့ပဲ ဖုန်းနဲ့ လိုင်းနဲ့တဆင့် မိန်းကလေးက စကားပြောတယ်လို့ ဆိုပါတယ်။ အာရီဆာရဲ့ မိဘတွေက စေ့စပ်ပွဲအခမ်းအနားပြီးရင် ဘွန်ချူရေးအနေနဲ့ သူတို့အိမ်ကို ပြောင်းလာလို့ရကြောင်း ကတိကဝတ်ပြုခဲ့ပေမယ့် ဒီကိစ္စမဖြစ်လာလို့ နောက်ဆုံး ရဲကို အကြောင်းကြား အမှုဖွင့်တာလို့ ဆိုပါတယ်။ ဒါတင်မကသေးပဲ စေ့စပ်ပွဲမတိုင်ခင် ညကတည်းက အမှန်တကယ် မရိုးသားမှု စခဲ့တာဖြစ်ကြောင်း ချစ်သူ ကောင်မလေးက အခြားယောက်ျားတယောက်ကို တယ်လီဖုန်း မက်ဆေ့ခ်ျ ပို့နေတာတွေလို့ မေးမြန်းရာ သူမက လက်ထပ်ထားသေးတာ မဟုတ်ကြောင်း ပြန်ပြောခဲ့တယ်၊ ဘယ်သူနဲ့မဆို သူမ စကားပြောနိုင်တယ်လို့ ဆိုလိုကြောင်း ဘွန်ချူရေးက ပြောပါတယ်။ နောက်နေ့မနက်မှာ စေ့စပ်ပွဲအခမ်းအနား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ အာရီဆာနဲ့ မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းဖို့ ရဲတွေက လိုက်ရှာနေတယ်လို့ ကိုကိုးနက်အွန်လိုင်းသတင်းမှာ အောက်တိုဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up