ရေအောက် လျှပ်တပြက်ဓာတ်ပုံတွင် ထိတ်လန့်ဖွယ် ရေပလုံစီ အရိုးစုပုံတွေ့

ရေငုပ်သမားတဦးက ရေအောက် လျှပ်တပြက် ဓာတ်ပုံတပုံ ရိုက်ခဲ့ပြီး ပြန်ကြည့်ချိန်မှာ အဲဒီဓာတ်ပုံက ကြောက်လန့်ဖွယ် ရေပလုံစီထနေတဲ့ အရိုးစုဝိညာဉ်ပုံ ဖြစ်နေလို့ ထိတ်လန့်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဟန်မြို့ ကားငှားရမ်းကုမ္ပဏီ ဒရိုက်တာ တဦးဖြစ်ပြီး ကလေး ၂ ဦး ဖခင်ဖြစ်သူ ဒါရန်ဟာရစ်စ် အသက် ၅၂ နှစ်က အီဂျစ်နိုင်ငံ ဟာဂါဒါမြို့မှာ ရေငုပ်ချိန် ရေပလုံစီထနေတဲ့ အရိုးစုပုံကို သူ့ရဲ့အိုင်ဖုန်း ဖိုက်အက်စ်နဲ့ ရိုက်ကူးခဲ့မိခဲ့တာပါ။ ရေအောက်ဓာတ်ပုံအတွက် ရေငုပ်သမား ၂ ဦးက ကိုယ်ဟန်ပြနေပြီး သူတို့ ၂ ဦးရဲ့ အထက်မှာ  ရေပလုံစီထနေတဲ့ အရိုးစုပုံက ရစ်ဝဲနေတာကို ဓာတ်ပုံထဲမှာ တွေ့မြင်ရပါတယ်။ ဒါရန်က အိမ်ပြန်ရောက်ချိန်မှာ ရေအောက်ပုံတွေကို ပြန်ကြည့်ရင်း ဒီထိတ်လန့်စရာပုံကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ သောင်ခုံကျောက်တန်းတွေနားမှာ ရေကူးပြီး ကျနော့်ကင်မရာကို စမ်းဖို့ ရေအောက် လျှပ်တပြက်ပုံ တော်တော်များများ ရိုက်ခဲ့တယ်။ ဒီပုံကိုတော့ ကျနော် ယူကေ ပြန်ရောက်ချိန်ထိ သတိမထားခဲ့မိဘူး။ ကျနော် သိခဲ့ရင် လေယာဉ်နဲ့တောင် ပြန်လာရဲမှာ မဟုတ်ဘူး။ တော်တော်ကို ကြောက်နေခဲ့မိပါပဲ။ ကျနော်က တစ္ဆေသရဲတွေ ဘာတွေကိုမှ အယုံအကြည်ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ဒါကတော့ တကယ့်ကို ကြောက်စရာပဲ” လို့ ဒါရန်က ပြောကြောင်း မေရာသတင်းတပုဒ်မှာ အောက်တိုဘာလ ၅ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up