ကျိုက်ထီးရိုးတွင် မိုးသည်းထန်၊ ဘုရားဖူးခရီးသည်များ တည်းခိုရေး အခက်ကြုံ
DVB
·
October 5, 2017
ကျိုက်ထီးရိုးမှာ မိုးသည်းထန်ပြီး မြူတွေ ပိတ်နေလို့ ဘုရားဖူးခရီးသည်တွေ တည်းခိုနေထိုင်ဖို့ နေရာတွေ အခက်အခဲ ဖြစ်နေပါတယ်။
အဲဒီလို တည်းခိုနေထိုင်ဖို့အတွက် အောက်ဆိုဒ် တည်းခိုအခန်းငယ်လေးတွေ ဖွင့်လှစ်ထားပေမယ့် တည်းခိုခတွေ ဈေးကြီးနေတယ်လို့ ပြောပါတယ်။
“လပြည့်နေ့ဆိုတော့ လူတွေက များတယ်လေ။ အဲဒီတော့ တည်းခိုဖို့ နေရာမရှိတဲ့အတွက် ဈေးဆိုင်တွေနားမှာ ဖွင့်ထားတဲ့ တည်းခိုခန်းတွေမှာ သွားတည်းရတယ်။ မိုးတွေကလည်း အရမ်းသည်း၊ မြူတွေကလည်း ပိတ်နေတာ့ ဘုရားရင်ပြင်မှာ အိပ်လို့မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီဆိုင်တွေက တည်းခိုခန်း ကျဉ်းကျဉ်းလေးထဲမှာပဲ ဈေးကြီးပေး တည်းရတယ်”လို့ ဘုရားဖူးခရီးသည်တဦးက ပြောပါတယ်။
ဈေးဆိုင်တွေမှာ အခန်းဖွဲ့ ဖွင့်လှစ်ထားတဲ့ ၆ ပေ ပတ်လည် အခန်းငယ်လေး တခန်းကို ပုံမှန် တရက်ကို ကျပ် ၁ သောင်းခွဲ ပေးငှားရပေမယ့် ဘုရားဖူးခရီးသည်တွေ များတဲ့ အဖိတ်နေ့၊ လပြည်နေ့နဲ့ လပြည်ကျော် ၁ ရက်နေ့တွေမှာ တရက်ကို အနည်းဆုံး ကျပ် ၅ သောင်း ပေးငှားရပါတယ်။
သတင်း - စိုးယုဇော်