ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးဟု ရဲချုပ်ပြော

နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ ဆန်စပါးဝယ်ယူရေးကိစ္စ လျစ်လျူရှုမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ဟာ လတ်တလော အင်္ဂလန်နိုင်ငံကို ထွက်ပြေးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူမဟာ အမှန်တကယ် အင်္ဂလန်မှာ ရှိတယ်ဆိုရင် ထိုင်းနိုင်ငံနဲ့ အင်္ဂလန် နှစ်နိုင်ငံကြား ရာဇဝတ်သား လွှဲပြောင်းပေးရေး စာချုပ်အရ သူမကို ထိုင်းနိုင်ငံ ပြန်ပို့ဖို့ ချက်ချင်းဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ကျကထစ်ပ် ချိုင်းဂျင်းတားက အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ဝင်များကလပ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူမရောက်ရှိတဲ့ နေရပ်လိပ်စာ အတိအကျသိရဖို့ လိုက်လံစုံစမ်းနေသလို သူမကို ဖမ်းဆီး အပြစ်ပေးနိုင်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကူအညီတောင်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် သူမ ထွက်ပြေးရာမှာ စီးနင်းခဲ့တယ်လို့ သံသယရှိတဲ့ မော်တော်ကားတစီးပေါ်က ဆံပင်စနဲ့ အသုံးအဆောင်ပစ္စည်းတချို့ရဲ့ ဒီအန်အေကို စစ်ဆေးလျက်ရှိပြီး ယင်လပ်ရဲ့ ဒီအန်အေနဲ့ ကိုက်ညီတယ်ဆိုရင် အဲဒီကားပိုင်ရှင်ဖြစ်တဲ့ ဘန်ကောက်မြို့တော် အမှတ် ၅ နယ်မြေ ဒု-ရဲမှူးချုပ် ချိုင်းရစ်ထ် အနုရစ်ထ်ကိုလည်း ရာဇဝတ်မှုနဲ့ အရေးယူရမှာဖြစ်ကြောင်း၊ ဒီအန်အေ မတွေ့ရင်တော့ တာဝန်ဝတ္တရားဆိုင်ရာ စည်းကမ်းနဲ့အညီ အရေးယူခံရမယ်လို့ ရဲချုပ်ကြီးက ပြောသွားပါတယ်။ ဖွေထိုင်းပါတီဘက်ကနေ ရွေးကောက်ပွဲဝင်ပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ယင်လပ် ရှင်နာဝပ်ဟာ သူအာဏာရစဉ်က တောင်သူလယ်သမားများထံက ဆန်စပါးတွေ ဈေးကြီးပေးဝယ်ပြီး ပြည်ပကို ရောင်းမထွက်တာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပေါ်ခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်တယောက်ရဲ့ တာဝန်ဝတ္တရားပေါ့လျော့မှု၊ လျစ်လျူရှုမှုတွေကြောင့် ဖြစ်ရတယ်လို့ လက်ရှိအာဏာရ ထိုင်းစစ်ကောင်စီအစိုးရက တရားလိုပြုပြီး အမှုဖွင့်ခဲ့ပါတယ်။ သူမရဲ့အမှုကို နိုင်ငံတော်တရားရုံးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က အပြီးသတ်စစ်ဆေးပြီး ဆိုင်းငံ့ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချခဲ့ပါတယ်။ သူမကတော့ ဒီမတိုင်ခင် ရုံးချိန်းပျက်ကွက်ခဲ့ပြီး နိုင်ငံခြားကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကိုးကား - မန်နေဂျာအွန်လိုင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up