အင်းတော်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
October 4, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ ခိုင်တောင်မှာ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီက ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိတဲ့အတွက် ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွှန့်က ပြောပါတယ်။
အောက်တိုဘာ ၄ ရက် မနက် ၇ နာရီလောက်က အင်းတော်မြို့နယ် နားရခေါင် ကျေးရွာခေါင် တောင်ဘက် မိုင်တိုင်အမှတ် ၁၄၃ အနီးမှာ ယာဉ်တိုက်မှုသတင်းအရ နဘားရဲကင်းမှူး ရဲအုပ်ခင်ဇော်ထိုက်ဟာ သွားရောက်စစ်ဆေးခဲ့ရာ တောင်မှမြောက်သို့ မောင်းနှင်လာတဲ့ TOYOTA MARK2 အမျိုးအစားယာဉ် မောင်းနှင်လာသူ ယာဉ်မောင်း ညီညီဝင်း မောင်းနှင်လာတဲ့ ယာဉ်နဲ့ မြောက်မှတောင်သို့ ဆန်းဝင်း မောင်းနှင်လာတဲ့ FJIALING အမျိုးအစား ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ဆိုင်ကယ်မောင်းနှင်သူ ဆန်းဝင်း ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာတတောင်ဆစ် ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာခြေခုံတွေ ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ဝဲယာ ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ပေါက်ပြဲ ဒဏ်ရာတွေရရှိခဲ့ပြီး အင်းတော် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတဲ့အတွက် ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ၂ ဦးကို အရေးယူပေးဖို့ တိုင်ကြားထားတဲ့အမှုဖြစ်တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွှန့်က ပြောပါတယ်။
ယာဉ်အားမဆင်မခြင်မောင်းနှင်တဲ့ မန္တလေးမြို့ ရန်မျိုးလုံရပ်နေသူ ယာဉ်မောင်း ညီညီဝင်း (၅၀ နှစ်) နဲ့ အင်းတော်မြို့နယ် နားရခေါင်ကျေးရွာနေတဲ့ ဆိုင်ကယ်မောင်းနှင်သူ ဆန်းဝင်း(၃၆ နှစ်)(သေဆုံး)တို့ကို အင်းတော်မြို့မ ရဲစခန်မှယာဉ်(ပ) ၄၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)